သင်္ကြန်ဆို အရမ်းကဲတဲ့
ဇော်ပိုင်
ဟိုင်းကြီးကျွန်းနားက သက်ကသာရွာဇာတိဖြစ်တဲ့ အဆိုတော်ဇော်ပိုင်က ဇာတိရွာမှာသင်္ကြန်ကျခဲ့ချိန်တွေက သူသင်္ကြန်ပွဲနွှဲသမျှအပျော်ဆုံးအချိန် တွေပဲလို့ ဆိုပါတယ်။အဲဒီအချိန်တုန်းက ငယ်လည်းငယ် သေးတော့ သင်္ကြန်ရောက်ပြီဆို မနက် ထတာနဲ့ မုန့်စားပြီး ရေဆော့တာ ည ၉ နာရီထိ။ ကြားထဲမှာ ထမင်းစားချိန် လောက်ပဲ နားတယ်။ သူများတွေထက်တော့ နည်းနည်း ပိုကဲတယ်လို့ ရှစ်တန်းထိ ဇာတိရွာမှာနေခဲ့တဲ့ ဇော်ပိုင်က ရွာမှာကျခဲ့တဲ့ သင်္ကြန်အတွေ့အကြုံတွေကို ဝေမျှပါတယ်။

ဂီတလောကထဲ စ၀င်လာမှ ရန်ကုန် မှာအခြေချခဲ့တာဖြစ်လို့ ရန်ကုန်မှာ တော့ သင်္ကြန်ကိုဖျော်ဖြေရေးနဲ့ပဲ ဖြတ်သန်းခဲ့ရတာကြောင့် ငယ်ငယ်က အားရ ပါးရနွှဲခဲ့တဲ့သင်္ကြန်တွေကို ပြန်လည် အမှတ်ရမိတယ်လို့လည်း ဆိုလေရဲ့။
ရခိုင်သင်္ကြန်မနွှဲဖြစ်တဲ့
နေတိုး
ရန်ကုန်သင်္ကြန်နဲ့ ရိုးရာချင်းမတူတဲ့ ရခိုင်သားတွေရဲ့ သင်္ကြန်ကျပုံက တော့ သင်္ကြန်ရက်တွေမှာ ဥပုသ်စောင့်၊ ငါးပါး သီလလုံအောင်စောင့်ပြီး နှစ်ဆန်း ၂ရက်နေ့လောက်မှရေပက်ကြရတယ်လို့ရခိုင်သားလေးနေတိုး က ပြောပြပါတယ်။
"သင်္ကြန်ရက်တွေမှာ ငါးပါးသီလ စောင့်ပြီး အလှပဆုံး ဖြတ်သန်းကြတာပေါ့။ ကောင်းတဲ့အမူအကျင့်လေးတွေပါပဲ။ အခုတော့ ရခိုင် သင်္ကြန်ကိုမနွှဲဖြစ် တာ ၁၀ နှစ်ပြည့်ပြီ"လို့ ဇာတိသင်္ကြန်ကို လွမ်းဆွေးဟန်နဲ့ ဆိုပါတယ်။
သူကသင်္ကြန်မှာ အမြဲပျော်တတ်သူလို့ ပြောပြတဲ့ မင်းသားက အခုနောက်ပိုင်းတစ်နှစ်လုံးမှ သင်္ကြန်ရက်တွေပဲ အလုပ်အားတာကြောင့် သင်္ကြန်ရက်ဆို အိမ်မှာ အနားယူတယ်လို့ ဆိုပါတယ်။
"အရင်ကဆိုသင်္ကြန်ဆိုရင်ပျော်ချင်တာပဲသိတယ်။အဲဒါကြောင့် သူငယ်ချင်းတွေရဲ့မဏ္ဍပ်မှာထိုင်ရင်ထိုင်၊မထိုင်ရင်လျှောက်လည်တယ်။ အခုတော့ တစ်နှစ်လုံးတောက်လျှောက် အလုပ်လုပ် လာတာဆိုတော့ နားမယ့်အချိန်က ဒီရက်လေးတွေပဲရှိတယ်"လို့ ဆိုပါ တယ်။
ဖလားနဲ့ရေပက်ရတာကြိုက်တဲ့
မိုးမိုး
သင်္ကြန်လျှောက်လည်ရတာထက် ရေပက်ရတာကို ပိုနှစ်သက်ပြီး ရေပက် ရင်လည်း ဖလားနဲ့မှလို့ဆိုတဲ့ မုံရွာသား မိုးမိုးကတော့ ဖလား နဲ့ဆိုရင် ကိုယ်ပက် ချင်တဲ့သူကို သီးသီးသန့်သန့် သေချာ ပက်လို့ရတယ်။ ရေပိုက်နဲ့ကျတော့ အမြဲတမ်းပန်းထွက်နေတော့ မကြိုက်ဘူး တဲ့။
ပြီးတော့ သင်္ကြန်ကို ဘယ်နေရာမှာ ပဲဖြစ်ဖြစ် နွှဲရတာတစ်မျိုးစီ အရသာ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ငယ်ဘ၀က ဖြတ်သန်းခဲ့တဲ့ ဇာတိသင်္ကြန်ကိုတော့ အပျော်ဆုံးပါပဲတဲ့။ဒါကြောင့်သူ့အတွက် သင်္ကြန်အမှတ်တရကတော့အထက်တန်းကျောင်းသားဘ၀လူပျိုပေါက် အရွယ်မှာ ဆိုင်ကယ်တွေ၊ ကား တွေနဲ့လှည့်ပြီး သင်္ကြန်ကျခဲ့ရတဲ့ မုံရွာ သင်္ကြန်ပါပဲတဲ့လေ။
"နယ်မှာက ဘယ်မဏ္ဍပ်မှာ ဘယ်သူ တွေရှိမယ် ဆိုတာကအစ သိနေတော့ ပိုပျော်ဖို့ကောင်းတယ်။ ပြီးတော့ သူငယ် ချင်းတွေ အုပ်စု လိုက်ကြီးနဲ့ ဆိုင်ကယ် အစီး လေး-ငါးဆယ်လောက်နဲ့ လည်ကြတာဆိုတော့ အရမ်းပျော်ဖို့ ကောင်း တယ်"လို့ ဇာတိမြို့က အမှတ်ရ စရာ သင်္ကြန်ကျခဲ့တာတွေကို အားရပါးရ ပြောပါတယ်။
အခုနောက်ပိုင်းဂီတလောကထဲဝင်လို့ ဖျော်ဖြေရေးတွေနဲ့ ဖြတ်သန်းရတော့လည်း တစ်မျိုးပျော်ဖို့ကောင်းပါတယ်လို့ဆိုတဲ့ အဆိုတော်၊ သရုပ်ဆောင် မိုးမိုးကတော့ ဒီအချိန်အလုပ်လုပ်ရ တာက ပိုက်ဆံပိုရတော့ ကျွန်တော်တို့ တွေအတွက် မလုပ်မဖြစ်လို့လည်း ပြောလို့ ရတာပေါ့လို့ လူကြီးဆန်စွာ ပြောပါ တယ်။
ဆုန်သင်းပါရ်က ချင်းပြည်နယ်မှာ ရေမပက်ဘူးတဲ့
ဝန်ထမ်းဖြစ်တဲ့ဖခင်နဲ့အတူ လေး တန်းအရွယ်လောက်ကနေစပြီး ဇာတိ မြေချင်းတောင်ကနေ ရန်ကုန်ကို ပြောင်းလာခဲ့တဲ့ အဆိုတော် ဆုန်သင်းပါရ်ကတော့ ချင်းပြည်နယ်မှာ အေးတော့ သင်္ကြန်မှာ ရေမပက်ကြဘူးလို့ ဆိုပါတယ်။
ခရစ်ယာန်ဘာသာဝင် ဖြစ်တာမို့ သင်္ကြန်တွင်းဆို ဘာသာရေးသင် တန်းတွေတက်ရတာမို့ အပြင်သိပ် မထွက်ရပေမယ့် တစ်ခါတလေ ခိုးထွက်ပြီး ရေကစားတယ်လို့ သူငယ်စဉ်ဘ၀က အမှတ်တရကို ပြော ပြပါတယ်။
"အဲဒီတုန်းက မြို့ထဲဘက်မရောက် ဖြစ်တော့ သင်္ကြန်မှာ လူဒီလောက် စည်မှန်း လုံးဝ မသိခဲ့ဘူး။ ခုနောက်ပိုင်း သီချင်းဆိုတော့မှ တော်တော်စည်မှန်းသိတာ"လို့လည်း ပြောပါတယ်။
သူ့အတွက် သင်္ကြန်အမှတ်တရက တော့ အဆိုတော်မဖြစ်ခင် ၁၉၉၆ ခုနှစ်မှာ ဘားအံသွားရင်း သင်္ကြန် ကာရာအိုကေရှိုးတစ်ခုမှာ စိုးသူရဲ့သီချင်းတစ်ပုဒ်ကို ၀င်ဆိုတဲ့အခါအောက်ကပွဲကြည့်ပရိသတ်တွေက "ယောက်ျားသံကြီးနဲ့ နားထောင်လို့လည်း မကောင်းဘူး" လို့ အော်ခံ ရတာမျိုးလည်း ကြုံဖူးတယ်လို့ ဆိုပါတယ်။
သင်္ကြန်မင်းသမီး
မေသန်းနု
'သင်္ကြန်မိုး'ဇာတ်ကားနဲ့ မင်းသမီးစဖြစ်လာသူ သင်္ကြန်မင်းသမီး အကယ်ဒမီမေသန်းနုကလည်း ဇာတိမြို့ဖြစ်တဲ့ မြိတ်ကသင်္ကြန်မှာ ပျော်ခဲ့ တာတွေ ပြောပြပါတယ်။ "ကျွန်မတို့မြို့ရဲ့ ရိုးရာတစ်ခုက သင်္ကြန်ဆိုရင် မနက်အစောကြီးအရုဏ်ဆွမ်းကပ်ကြတယ်။ ဟိုဘက်
ရပ်ကွက်ကလူတွေက ဒီဘက်ရပ်ကွက်ကို လာကပ်တယ်။ ဒီဘက်ရပ်ကွက်ကလည်း ဟိုဘက်ကိုသွားပြီး အရုဏ်ဆွမ်းသွားကပ်ပေး တယ်။ အဲဒီလိုအုပ်စုလိုက်ကြီး လမ်းလျှောက်ပြီး အရုဏ်ဆွမ်းသွားကပ်တာကို အရမ်းပျော်တယ်။ ကိုယ်ကလည်း ငယ်သေးတော့ အရမ်းလိုက်ချင်ပြီးမနက်အစောကြီး အိပ်ရာထပြီး လိုက်သွားတယ်" ဆိုပြီး ရန်ကုန်သင်္ကြန်နဲ့မတူတဲ့ သူ့ဇာတိမြို့ရဲ့ သင်္ကြန်ရိုးရာ အကြောင်းကို ပြောပြပါတယ်။
ရေရှားတဲ့ သူတို့မြို့မှာတော့ နေ့ခင်းဆိုရင် ရေကိုအနည်းငယ်သာ ပက်ကြ တယ်လို့လည်း ဆိုလေရဲ့။
Author : နွမ်ဘွိုင်း
Source : Myanmar.Mmtimes