မေလ ၁၂ ရက် မနက် ၉ နာရီက ပါဠိ တက္ကသိုလ် မဟာ ၀ိသုဒ္ဓါရုံ ကျောင်းတိုက်မှာ မင်္ဂလာဦး အလှူပွဲ ကျင်းပ ခဲ့ကြတဲ့ မောင်ထွန်းထွန်းနိုင်နဲ့ သရုပ်ဆောင် ဇူးဇူးမောင်တို့ရဲ့ မင်္ဂလာ ဧည့်ခံပွဲ အခမ်းအနားကိုတော့ မေလ ၁၅ ရက် ည ၆ နာရီ အချိန်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် မင်္ဂလာ ခန်းမမှာ ကျင်းပခဲ့ကြရာ မင်္ဂလာ သတို့သားနဲ့ သတို့သမီးတို့က မင်္ဂလာဝတ်စုံ သုံးစုံလဲပြီး ဧည်သည်တော်များကို ဧည့်ခံ ပေးခဲ့ကြပါတယ်။

မင်္ဂလာ သတို့သား၊ သတို့သမီးတို့ လဲလှယ်မယ့် ၀တ်စုံ ၃ စုံစလုံးကို ဒီဇိုင်နာ ကောင်းမြတ်က အလှဆင် ချုပ်လုပ်ပေးထားတာ ဖြစ်ပြီး လက်ဝတ် ရတနာများကိုတော့ She Shine Jewellery က ဆင်မြန်း ပေးခဲ့ပါတယ်။ မိတ်ကပ်နဲ့ ဆံပင်ကိုတော့ ညီညီမောင်(စမ်းချောင်း)က အလှဆုံး ဖြစ်အောင် ခြယ်မှုန်းပေး ထားတာ ဖြစ်ပါတယ်။ အခမ်းအနား အလှနဲ့ သတို့သမီး လက်ကိုင်ပန်းတွေကိုတော့ မာမီကျော်(မလေးရှား)က ပြင်ဆင် ပေးထားပါတယ်။
ဒီနေ့မှာ မင်္ဂလာ အခမ်းအနားမှူး အဖြစ် မတင်မိုးလွင်နဲ့ မမေသက်ထွန်းတို့က ဆောင်ရွက် ပေးခဲ့ကြပြီး မင်္ဂလာမောင်နှံကို ပွဲထုတ် လာချိန်မှာ မင်္ဂလာ မောင်နှံတို့ လျှောက်လှမ်းကြမယ့် မင်္ဂလာလမ်းကို မြတ်နိုးစပယ်က ပန်းကြဲ ပေးခဲ့ပါတယ်။ မင်္ဂလာ အောင်စံပယ် ပန်းကုံးနဲ့ မင်္ဂလာ လက်စွပ် ဗန်းများကိုတော့ နိုနိုသိန်းဝင်းနဲ့ ဇာခြည်စိမ့်တို့က သယ်ဆောင် ပေးခဲ့ကြပါတယ်။မင်္ဂလာ မောင်နှံများ ဖြစ်ကြတဲ့ မောင်ထွန်းထွန်းနိုင်နဲ့ ဇူးဇူးမောင်တို့ရဲ့ နောက်မှာတော့ မင်္ဂလာသတို့သား၊ သတို့သမီး အရံများ အဖြစ် မောင်မျိုးကိုနိုင်၊ သရုပ်ဆောင် မြတ်သူအောင်၊ သရုပ်ဆောင် နန်းဆုရတီစိုးနဲ့ သဉ္ဇာနွယ်ဝင်းတို့က လိုက်ပါ ဆောင်ရွက် ပေးခဲ့ကြတာ ဖြစ်ပါတယ်။
မင်္ဂလာ မောင်နှံများ အတွက် မင်္ဂလာ အောင်စံပယ် ပန်းကုံးများ ချီးမြှင့်ပေးခဲ့ကြတာကတော့ ဒေါက်တာဦးချိုစစ်(သွားနှင့် ခံတွင်းဆိုင်ရာ ဆရာဝန်ကြီး)နဲ့ ဇနီး ဒေါက်တာနုနုသာ(ဆေးရုံအုပ်ကြီး၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး) တို့ဖြစ်ပြီး၊ မင်္ဂလာ လက်စွပ်များကို ချီးမြှင့် ၀တ်ဆင်ပေးခဲ့တာ ကတော့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ၀ဏ္ဏကျော်ထင် စည်သူ ဦးဇော်ဇော်နဲ့ဇနီး ဒေါ်ဌေးဌေးခိုင်တို့က ၀တ်ဆင်ချီးမြှင့် ပေးခဲ့ကြပါတယ်။ ဒုတိယ အကျော့ နောက်ထပ် ၀တ်စုံတစ်စုံ လဲလှယ်ပြီး ထွက်လာတဲ့ အခါမှာတော့ မင်္ဂလာပွဲ အောင်မြင်ခြင်း အထိမ်းအမှတ် အဖြစ် ရှန်ပိန်ဖွင့် ဖောက်ကာ အောင်ပွဲခံခဲ့ပြီး မင်္ဂလာ သတို့သားနဲ့ သတို့သမီးတို့ မင်္ဂလာပေါင်းကူး တံတားပေါ် လျှောက်လှမ်းကြချိန်မှာ မင်းသန့်မောင်မောင်နဲ့ မစံသာရာရာ တို့က ခြံရံပေးခဲ့ကြပါတယ်။
တတိယမြောက် ၀တ်စုံနဲ့ မင်္ဂလာ ခန်းမတွင်း ၀င်ရောက် လာချိန်မှာတော့ ရှေ့က အက အဖွဲ့နဲ့ ၀င်ရောက်လာသလို သတို့သား၊ သတို့သမီးတို့ကလည်း ကြွကြွရွရွကပြပြီး ၀င်လာကြတာ ဖြစ်ပါတယ်။ စင်မြင့်ပေါ်ရောက်ရှိ လာချိန်မှာ မင်္ဂလာကိတ်မုန့်ကို လှီးခွဲခဲ့ကြပါတယ်။ အဲသည်နောက်မှာ မင်္ဂလာ သတို့သမီးရဲ့ မိခင်ဒေါ်ရှုယဉ်က သမီးအတွက် လက်ဖွဲ့တဲ့ ဆွဲကြိုးကို စင်မြင့်ပေါ် ၀တ်ဆင်ပေးခဲ့တာ တွေ့ရပါတယ်။ ညစာနဲ့ တည်ခင်းနေချိန်မှာ နောက်ထပ် တင်ဆက်ပေးတဲ့ အစီအစဉ်က လက်ဆောင်မွန်များ ပြန်လည် ပေးအပ်တဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။
အဲဒီ အစီအစဉ်မှာ ဒီနေ့ပွဲကို တက်ရောက်လာတဲ့ သက်တမ်း အရှည်ဆုံး မင်္ဂလာစုံတွဲ၊ မင်္ဂလာ သက်တမ်းအနုဆုံး မင်္ဂလာစုံတွဲ၊ မကြာမီ မင်္ဂလာ ဆောင်တော့မယ့် စုံတွဲနဲ့ မင်္ဂလာ မဆောင်ရသေးတဲ့ လူပျိုကြီး စသဖြင့် ဖိတ်ခေါ်ပြီး လက်ဆောင် ချီးမြှင့်ပေးရာမှာ မင်္ဂလာ မဆောင်ရသေးတဲ့ လူပျို ကြီးအတွက် လက်ဆောင်ကိုတော့ အကယ်ဒမီများရှင် ရန်အောင်က လက်ခံ ရယူခဲ့တာ တွေ့ရပါတယ်။ မင်္ဂလာမောင်နှံတို့ဟာ လောလောဆယ် ဟန်းနီးမွန်း ခရီး မထွက်နိုင်သေးဘဲ ဇူးဇူးမောင်က ထွန်းထွန်းနိုင်ရဲ့နောက် သျှောင်နောက်ဆံထုံး ပါနိုင်ဖို့ ဗီဇာ စောင့်နေတာ ဖြစ်ပြီး ဗီဇာ ရရှိခဲ့ရင်တော့ အမေရိကန် ပြည်ထောင်စုကို ထွန်းထွန်းနိုင်နဲ့ လိုက်ပါ သွားမယ်လို့ သိရပါတယ်။ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိခဲ့ရင်လည်း ဟိုမှာရှိတဲ့ မိတ်ဆွေများ အတွက် ဧည့်ခံတဲ့ ပွဲနဲ့ အမေရိကား အရောက်မှာ လက်မှတ် ရေးထိုးပွဲကို ကျင်းပသွား မယ်လို့ သိရပါတယ်။

Author : မိုးကျော်ထွန်း
Source : Shweamyutay