Myint Myint Khin

ဝက်သားတုံးကြီး လက်သီးဆုပ်သဏ္ဌာန် ___ ထမင်းရည်ချောင်းစီး__ မောင်းတီးလှူရန်__ ပြည်ဝင် ကြေးအိုး__ မီးထိုးပါ မြန်မြန်____ဟေး__လာကွယ် မောင်ရို့__ဟေး လာကွယ် မောင်ရို့___ ဝမ်းစမိုးသံ__ သောသောညံ___ ရို့___ရို့___” ငယ်စဉ်က ကြားခဲ့ရတဲ့ သီချင်း တစ်ပုဒ်ပါ။ ဘယ်တော့မှလည်း မရိုးနိုင်တဲ့ သီချင်း တစ်ပုဒ်ပေါ့။ သီဆိုသူက အဆိုတော်၊ မင်းသမီး မြင့်မြင့်ခင်။ အခုအရွယ်အထိ သီချင်းတွေ ဆိုနေတုန်း။ ဇာတ်ကားတချို့မှာ ပါဝင် သရုပ်ဆောင် နေတုန်းပါ။


အကယ်ဒမီ ၅ ဆုကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။ အိုက်တင်နဲ့ ပရိသတ်ကို ဆွဲဆောင် နိုင်သလို ချိုသာတဲ့ သံစဉ်တွေ ကလည်း ပရိသတ်ရင်ထဲမှာ အခုချိန်ထိ ရှိနေဆဲပါပဲ။ အခုလို ပရိသတ် ရင်ထဲမှာ ခိုင်ခိုင်မာမာ ရှိနေခဲ့တာကတော့ ကြိုးစားမှု၊ လုံ့လရှိမှုတို့ကြောင့် ဆိုရင် မမှားနိုင်ပါဘူး။ အောင်မြင်အောင် ကြိုးစား နေကြသူတိုင်း အတုယူဖို့၊ လေးစားဖို့ တွေ့ဆုံမေးမြန်း ခဲ့ပါတယ်။

အန်တီ အနုပညာနယ်ထဲ စရောက်ခဲ့ပုံ။ ပြီးတော့ စတင်ရိုက်ကူးခဲ့တဲ့ဇာတ်ကားနဲ့ သီဆိုခဲ့တဲ့ သီချင်းကိုလည်း ပြောပြပေးပါ။

အန်တီအရင်က သူနာပြု ဖြစ်ချင်ခဲ့တာ။ ရုပ်ရှင်မင်းသမီးဖြစ်ဖို့ အကြောင်းတရားတွေ ပါလာတော့ အန်တီ ရုပ်ရှင်မင်းသမီးဖြစ်ခဲ့တယ်။ မမျှော်လင့်ဘဲ ဖြစ်လာတော့ အန်တီ ဝမ်းသာခဲ့ရတယ်။ ကိုယ် ရွေးချယ်ပြီး လုပ်ခဲ့တဲ့အလုပ်အပေါ် အကောင်းဆုံးဖြစ်အောင် ပီပီပြင်ပြင် ကြိုးစားသရုပ်ဆောင်ခဲ့တယ်။ အန်တီ စရိုက်ခဲ့တဲ့ ဇာတ်ကားက ဒါရိုက်တာ ဦးအောင်ကြီးရိုက်တဲ့ မာယာရှင် ဆိုတဲ့ အသံတိတ်ဇာတ်ကားပေါ့။ စတင်သီဆို ခဲ့တဲ့ သီချင်းကတော့ အေဝမ်းခင်မောင်အဖွဲ့နဲ့ ဦးမင်းနောင် ရေးစပ်တဲ့ ၉၇၂ သီချင်းပါ သမီးရယ်။ အဲဒီ သီချင်းက ရေဒီယိုမှာ ဆိုခဲ့တာပါ။

အန်တီ ငယ်ငယ်က ဆိုခဲ့တဲ့သီချင်းတွေ၊ သရုပ်ဆောင်ခဲ့တဲ့ဇာတ်ကားတွေကို ပြန်ကြည့်ရ၊ ကြားရတဲ့အခါ အန်တီခံစားရတဲ့ ခံစားချက်ကရော.....

ငယ်စဉ်က ဆိုခဲ့တဲ့သီချင်း၊ သရုပ်ဆောင်ခဲ့တဲ့ဇာတ်ကားတွေ ပြန်ကြည့်ရ၊ ကြားရတဲ့အခါ အိုမင်းခြင်းဆိုတဲ့ တရားသဘောကိုပဲ ခံစားရပါတယ်။

အန်တီ အကယ်ဒမီရခဲ့တဲ့ဇာတ်ကားတွေနဲ့ အဲဒီကားတွေမှာ အန်တီ သရုပ်ဆောင် ခဲ့ရတဲ့ ကြိုးပမ်းမှုတွေ၊ ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ အန်တီ့ရဲ့ သီချင်းတွေကိုလည်း ပြောပေးပါလား။.

အန်တီ အကယ်ဒမီရခဲ့တဲ့ ဇာတ်ကား တွေက ချစ်ညီမ၊ ဖြေလျော့ခွေ၊ မုန်းပါတယ် မောင့်ကို၊ မှတစ်ပါး အခြားမရှိ၊ မြင့်မိုရ်တောင်ဦး မကကျူးသား ဆိုတဲ့ ကားတွေပါ။ အဲဒီကားတွေမှာ အထူးကြိုးစား ရတယ်တော့ မရှိပါဘူး။ ဇာတ်ရုပ်ကို အပီပြင်ဆုံး ဖြစ်အောင်ပဲ သရုပ်ဆောင်ခဲ့ တာပါ။ သရုပ်ဆောင် တွေအတွက် အရေးကြီး ဆုံးက ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင် နိုင်ဖို့ပဲလေ။အဲဒါကြောင့် သရုပ်ဆောင်လို့ ခေါ်ကြ တာလေ။ဂီတနဲ့ ပတ်သက် ရင် ပရိသတ်ကြိုက်ခဲ့တဲ့ သီချင်းတွေကတော့ နားပန်းဆံ၊ ရွှေမန်းဆီသို့၊ နောင်အင်းလေးတို့ပါပဲ။

အနုပညာ အပေါ်ထားတဲ့ အန်တီ့ရဲ့ တန်ဖိုးထား စိတ်လေးကို လည်း ပြောပြ ပေးပါ။

အနုပညာ အပေါ် အန်တီ အသက်ရှင် နေသရွေ့ ကာလ ပတ်လုံး အမြဲ ထာဝရ တန်ဖိုး ထား ပါတယ်။

သရုပ်ဆောင် တစ်ယောက်မှာ ပရိသတ်ကို ဖမ်းစားနိုင်တဲ့ အိုက်တင်လး တွေရှိဖို့ လိုတယ်လို့ ပြောကြတယ်။ အန်တီ ငယ်ငယ် တုန်းက ပရိသတ် ကြိုက်ခဲ့တဲ့ အန်တီ့အမူအရာက...

သရုပ်ဆောင်တစ်ယောက်မှာ ပရိသတ်ကို ဖမ်းစားနိုင်တဲ့ အမူအရာဆိုတာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ အိုက်တင်ပဲပေါ့ သမီးရယ်။

အောင်မြင်မှုဆိုတဲ့ စကားလုံးအပေါ် အန်တီ့အနေနဲ့ ဘယ်လို အဓိပ္ပာယ် ဖွင့်ချင်လဲ။

အောင်မြင် မှုဆိုတာ ကြိုးစားရင် အောင်မြင် နိုင်ပါတယ်။ ဒါပေမဲ့ `စန်း’ မရှိရင်တော့ မအောင်မြင်၊ မကျော်ကြား နိုင်ပါလို့ပဲ ပြောပါရစေ။ အလုပ် တစ်ခုက အောင်မြင်ဖို့ လွယ်ပြီး အောင်မြင်တာကို ဆက်လက် ထိန်းသိမ်း နိုင်ဖို့ က ခက်ပါတယ်။ ကိုယ့်ရဲ့ အောင်မြင်မှုကို ရေရှည် ထိန်းသိမ်း ကြပါလို့ပဲ ပြောချင်ပါတယ်။

လက်ရှိ လှုပ်ရှားနေကြတဲ့ အနုပညာလောကအပေါ် အန်တီ့အမြင်လေး ပြောပြပေးပါ။

အခုခေတ်ကိုပြောရရင် အန်တီ့အမြင်ကတော့ အရမ်းတိုးတက်ပါတယ်။ အနုပညာ သည်များ ရေရှည်တည်တံ့ အောင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်။

အောင်မြင်အောင် ကြိုးစားနေတဲ့လူငယ်တွေအတွက်လည်း စကားပါးပေးပါဦး။

အောင်မြင်အောင် ကြိုးစားနေတဲ့ လူငယ်တွေအတွက် လုံ့လ၊ ဝီရိယအပြည့်ထားပြီး ကြိုးစားဆောင်ရွက် ကြပါ။ အန်တီငယ်ငယ်က သူနာပြုဆရာမ ဖြစ်ချင်ခဲ့ပေမဲ့ ရုပ်ရှင်မင်းသမီး ဖြစ်လာတဲ့အခါမှာ ဖြစ်လာတဲ့ ရုပ်ရှင်မင်းသမီးဘဝကိုပဲ ပီပီပြင်ပြင် ထူးထူးချွန်ချွန် ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ခံယူချက် လက်ကိုင်ထားခဲ့ တယ်။ အန်တီ့လိုပဲ ကြိုးစားကြပါလို့ ပြောချင်ပါတယ်။

 

Source :Perfectmagazineonline


blog comments powered by Disqus