Pearl Win

လူတိုင်းမှာ သူ့ခံယူချက်နဲ့သူ ရှိကြတယ်။ပုလဲဝင်းလည်း သူ့ခံယူထားတဲ့ အနုပညာခံယူချက်တွေရှိပါတယ်။ပုလဲခံယူချက်ကတော့ အနုပညာဆိုတာ သဘာဝနဲ့ အနီးစပ်ဆုံးတူအောင် ဖန်တီးယူရတာပေါ့နော်။ ပြီးတော့ လှပပြီး သဘာဝအတိုင်းရှိနေတာကို ပိုပြီးတော့ လှပအောင်၊ ပရိသတ်တွေကို ပိုပြီးတော့ မြင်သာအောင် ပြရတဲ့အရာတစ်ခုပေါ့။ အနုပညာကြောင့် လူတွေကို စိတ်ချမ်းသာစေနိုင်တယ်။ ခံစားမှုရသတစ်ခုကို ပေးနိုင်တယ်။ လူ့ရဲ့စိတ်ကို အပြောင်းအလဲ တစ်ခု ဖြစ်အောင် ဆွဲဆောင်နိုင်တဲ့ စွမ်းအားရှိပါတယ်။


ဖက်ရှင်ဆိုတာ လူတိုင်းအတွက် မရှိမဖြစ်အရာတစ်ခုပါ။

ဖက်ရှင်ကို ပုလဲလည်း ဝါသနာပါတယ်။ လှလှပပ ဝတ်တာလည်း ဖက်ရှင်လို့ ပြောနိုင်သလို ပုလဲတို့ သရုပ်ဆောင် တွေကျတော့ ကိုယ်လုပ်ရတဲ့ character ပေါ်မူတည်ပြီး ဝတ်ရတယ်။ ကွမ်းယာသည်ပဲဖြစ်ဖြစ်၊ ဝန်ထမ်းပဲဖြစ်ဖြစ်၊ သူဌေးပဲဖြစ်ဖြစ် လူတိုင်းမှာတော့ ဝတ်စားဆင်ယင်မှု ပုံစံတစ်ခုစီ ရှိကြတယ်။ အဲဒါတွေကိုလည်း ဖက်ရှင်လို့ သတ်မှတ် လို့ရတယ်။ အသေးစိတ် ဟိုး အောက်ခြေကနေ လေ့လာရတာပေါ့။ ကိုယ့်အဝတ်အစားပုံစံက သူများနဲ့မတူအောင်၊ ကွဲပြားအောင်၊ current ဖြစ်အောင်တော့ ကတ်တလောက်တွေ၊ ဖက်ရှင်မဂ္ဂဇင်းတွေ၊ International Fashion လိုင်းတွေ အကုန်ကြည့်ရပါတယ်။

အနုပညာရှင်တွေဆိုတာ ကလေးတွေအတွက် အိပ်မက်ထဲက မင်းသမီးပါ။

အရမ်းဂရုစိုက်ရပါတယ်။ အထူးသဖြင့် ကလေးတွေအတွက်ပေါ့။ မင်းသား၊ မင်းသမီး သရုပ်ဆောင်တွေဆိုရင် ကလေးတွေက ပိုချစ်ကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့နဲ့ အရင်းနှီးဆုံး လူတစ်ယောက် ဖြစ်သွားလို့ပဲ။ နေ့တိုင်း တီဗီဖန်သား ပြင်ပေါ်မှာ အဲဒီမင်းသား၊ မင်းသမီးတွေကို ကြည့်နေကြရတော့ သူတို့ဘဝအတွက် သိတတ်စ အရွယ်ကနေ ကြီးလာတဲ့ အထဲ အရင်းနှီးဆုံး လူတွေ ဖြစ်သွားတယ်။ အနုပညာရှင်တွေ လုပ်ပြတာတွေ၊ နောက်ပြီး အနုပညာရှင်တွေ ဖန်တီးလိုက်တဲ့ အနုပညာတိုင်းဟာ သူတို့ရဲ့ ကိုယ်ကျင့်တရား၊ သူတို့ရဲ့ ဘဝတစ်လျှောက်မှာ တော်တော်ကြီး အရေးပါတဲ့ ကဏ္ဍထဲ ပါသွားတယ်။ပုလဲတို့ငယ်ငယ်ကဆိုရင်လည်း အဲဒီလိုပဲ အနုပညာရှင် တစ်ယောက်ကို ချစ်ပြီဆိုရင် သူက ကိုယ့်ရဲ့အိပ်မက်ထဲ မင်းသမီးပဲ။ ဒါကြောင့် ကာရိုက်တာအရရော၊ သရုပ်ဆောင်လိုက်တဲ့ ဇာတ်ကားတိုင်း၊ ကြော်ငြာကအစပေါ့။ အဓိကကတော့ ဒီလူငယ်၊ လူရွယ်တွေ အတွက် အများကြီး သတိထားရပါတယ်။

ဘယ်အလုပ်ပဲလုပ်လုပ် မျိုးဆက်သစ်တွေကို လက်တွဲခေါ်ယူရစမြဲပါ။

ပုလဲတို့ ဒီအလုပ်ကို စလုပ်တုန်းက လုပ်တော့လုပ်လိုက်တာပဲ။ တကယ်လိုတာတွေကို ကိုယ်က မသိဘူးလေ။ သူတို့က ကိုယ်မမြင်တဲ့၊ လိုအပ်နေတဲ့ နေရာလေးတွေ ဖြည့်ပေးတယ်။ ပြောပြတယ်။ သင်ပေးကြတယ်လေ။ အကြီးတွေနဲ့ ရိုက်တဲ့အခါမှာ ကိုယ်က ပညာယူရင် ယူသလို ရတယ်။ အခု အငယ်တွေနဲ့ ရိုက်ရတဲ့အခါမှာလည်း ကိုယ် အငယ်ဘဝ၊ အသစ်ဘဝ တုန်းက အစ်ကိုတွေ၊ အစ်မတွေက လက်တွဲခေါ်သလို သူတို့ကိုလည်း ပုလဲတို့က လက်တွဲခေါ် ရပါတယ်။ ပရိသတ်ကလည်း အသစ်တွေကို အားပေးနေကြပြီလေ။ သူတို့ကလည်း ကြိုးစား ကြပါတယ်။

အောင်မြင်ဖို့အတွက် လိုအပ်ချက်တွေကလည်း အများကြီးပါ။

အနုပညာရှင် တစ်ယောက်က အောင်မြင်ဖို့ သူ့ရဲ့ပါရမီလည်း ပါရမယ်၊ သူ့ရဲ့ကံလည်း ပါရမယ်။ ပြီးတော့ ကြိုးစားအား ထုတ်မှုတွေ၊ စန်းတွေ၊ စောင့်ထိန်းရတာတွေ အများကြီးရှိ တယ်လေ။ အနုပညာ ရှင်ဆိုတာ သာမန်လူတစ်ယောက်လိုတော့ နေထိုင်လို့ မရပါဘူး။ တစ်ခုလိုချင်၊ တစ်ခုစွန့်လွှတ်ရတာ တွေရှိတယ်။ အချိန်ကာလတွေ ရင်းနှီးမြှုပ်နှံရတယ်၊ ကြိုးစားရတယ်၊ စိတ်ရှည်ရတယ်၊ သည်းခံရ တယ်၊ အများကြီးပါပဲ။ အောင်မြင်မှုကြီးလေ ကြိုးစားအား ထုတ်မှုကြီး လေပဲပေါ့။ပုလဲကတော့ ကိုယ်ကြိုးစားရင် ကြိုးစားရ တဲ့အကျိုးကို ကျိန်းသေ ခံစားရမယ်၊ ကောင်းတာ လုပ်ရင် ကောင်းတဲ့အကျိုးကို ကျိန်းသေခံစား ရမယ်လို့ ယုံကြည် ပါတယ်။

 

Source : Perfectmagazineonline


blog comments powered by Disqus