Phyu Kyaw Kyaw Thein

အဆိုတော် ဖြူဖြူကျော်သိန်းက ဧပြီလ ၂၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အသက် ၃၀ ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် စာအုပ်မျိုးစုံကို သူ့ ပရိသတ်တွေဆီ ပေးအပ်လှူဒါန်းပွဲကို ဧပြီလ ၃၀ ရက်နေ့၊ ကရ၀ိက်နန်း နန်းတော်မှာမနက် ၁၀ နာရီကနေမွန်းလွဲ ၂ နာရီအထိကျင်းပသွားမယ် လို့ မြန်မာတိုင်း(မ်)ကို ပြော ပါတယ်။


စာအုပ်အလှူပွဲမှာ သုတ၊ ရသစာ ပေစာအုပ်တွေ၊ အဘိဓာန်စာအုပ်တွေ၊ နောက် ဖြူဖြူကျော်သိန်းကြိုက်နှစ်သက် တဲ့ စာရေးဆရာတွေဖြစ်တဲ့ တက္ကသိုလ်ဘုန်းနိုင်၊ ရွှေဥဒေါင်း၊ ဖေမြင့်၊ ဂျူး၊ ဂျာနယ်ကျော်မမလေးတို့ ရဲ့ ၀တ္ထုစာအုပ်တွေ၊ ဆရာကြီးဦးပေါ်ဦးရဲ့ ကာတွန်းစာအုပ်တွေ၊ ပုံပြင်စာအုပ်တွေ အပါ အ၀င် စာအုပ်အရေအတွက် ၁,၀၀၀ ကျော်ကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

"နှစ်တိုင်းမွေးနေ့မှာ ကိုယ်လုပ်ချင်တဲ့ဆန္ဒလေးတွေ တစ်ခုမဟုတ်တစ်ခု ဖြစ်အောင်လုပ်တယ်။ဒီနှစ်မှာတော့ ဖြူဖြူ့ပရိသတ်တွေကိုစာဖတ်ခြင်းရဲ့ အရသာကို သိစေချင်တယ်။

"ဘာကြောင့်လဲဆိုတော့ စာဖတ်တဲ့သူဟာ ဆင်ခြင်တုံတရား ရှိတယ်။ အကြောက်တရားကင်းတယ်။ အတွေးအခေါ်ရှင်သန်တယ်။ နောက်ပြီး ဖြူဖြူ့ပရိသတ်တွေအတွက် ဖြူဖြူပေးတဲ့ ဒီစာအုပ်လေးက အမှတ်တရ ဖြစ်သွား စေချင်တယ်"လို့ မွေးနေ့အမှတ်တရ အဖြစ် စာအုပ်လှူဒါန်းရတဲ့ အကြောင်း ကို ဖြူဖြူကျော်သိန်းက ပြောပြပါတယ်။

မွေးနေ့အလှူပွဲမှာ ပရိသတ်တွေကို ပေးအပ်မယ့် စာအုပ်တိုင်းမှာ ဖြူဖြူ ကျော်သိန်းကိုယ်တိုင် လက်မှတ်ရေးထိုး ပေးမှာဖြစ်ပြီး စာအုပ် တိုင်းမှာ '၂၀၁၁ ဖြူဖြူကျော်သိန်းမွေးနေ့အမှတ်တရ။ရောင်းရန်မဟုတ်ပါ'ဆိုတဲ့ တံဆိပ်ကို လည်း ရိုက်နှိပ်ထားမှာဖြစ်ပါတယ်။

စာအုပ်စာပေကို ချစ်မြတ်နိုးတဲ့သူ မည်သူမဆို မွေးနေ့အလှူပွဲကို တက် ရောက်ပြီး စာအုပ်တွေ ရယူနိုင်ပါတယ်လို့ မွေးနေ့ရှင် ဖြူဖြူက ဖိတ်ကြားတယ်လို့ လည်း ဆိုပါတယ်။

 

Author :မေစန္ဒီ
Source : .Myanmar.Mmtimes


blog comments powered by Disqus