ဗီဒီယို ဇာတ်ကားပေါင်း များစွာမှာ အဓိက သရုပ်ဆောင် အဖြစ် ရိုက်ကူး နေရသလို သီချင်းတွေကိုလည်း တစ်ပုဒ်စ၊ နှစ်ပုဒ်စ သီဆိုဖြစ်ရာကနေ ခုတော့ တစ်ကိုယ်တော် တေးစီးရီးထွက် နိုင်ဖို့အထိ စီစဉ်နေတဲ့ သရုပ်ဆောင် အဆိုတော် စိုးပြည့်သဇင် တစ်ယောက် မူလ နေထိုင်တဲ့ စမ်းချောင်းမြို့နယ် ကနေ သာကေတမြို့နယ် ရွှေသပြေရိပ်မွန် ၂ ၊ ခြံအမှတ် ၇ကို ပြောင်းရွှေ့ နေထိုင်နေပြီ ဖြစ်လို့ စိုးပြည့်သဇင်ရဲ့ အိမ်ကို ပရိသတ်များ အတွက် တင်ပြ ပေးလိုက်ပါတယ်။


စိုးပြည့်သဇင်နဲ့ သူ့မိဘများက ရွှေသပြေရိပ်မွန် ၂ ခြံအမှတ် ၇ ကို စိုးပြည့်ရဲ့ အသက် ၁၈ နှစ်ပြည့်တဲ့ စက်တင်ဘာလ ၂၂ ရက် နေ့က အိမ်သစ်တက်ပွဲ ကျင်းပခဲ့တာ ဖြစ်ပြီး အနုပညာ မောင်နှမများနဲ့ ဆွေမျိုး မိတ်ဆွေများ တက်ရောက် ချီးမြှင့် ခဲ့ကြပါတယ်။အိမ်သစ်မှာ စိုးပြည့်သဇင်နဲ့ အတူ သူ့ရဲ့မိခင်၊ ဖခင်များဖြစ်ကြတဲ့ ဦးစိုးနိုင် ၊ဒေါ်မလာခင်နဲ့ အစ်မဖြစ်သုတို့ လေးဦး နေထိုင်ကြတာ ဖြစ်ပြီး အစ်မဖြစ်သူက ကျန်းမရေး မကောင်းလို့ အိမ်ထဲမှာပဲ နေတာများတယ်လို့ သိရပါတယ်။ သာကေတမြို့ရဲ့ အတွင်းလမ်းဘက်မှာ တည်ရှိတယ် ဆိုပေမယ့် လမ်းမကျယ်ကြီးရဲ့ မျက်နှာစာမှာ အသစ် ဆောက်လုပ်ထားတဲ့ လုံးချင်း တိုက်များဖြစ်ပြီး ခြံဝင်းလေးနဲ့ လှလှပပ အိမ်သစ်လေးတစ်လုံး ဖြစ်ပါတယ်။
စိုးပြည့်တို့အိမ်ရဲ့ အပေါ်ထပ်မှာ ဘုရားခန်း၊ အိပ်ခန်းများ ထားရှိပြီး စိုးပြည့်ရဲ့ အိပ်ခန်းထဲမှာတော့ ကျန်းမာရေး အထောက် အကူပြု ကိရိယာများ ထားရှိတဲ့ အပြင် စန္ဒရား တစ်လုံးကိုလည်း ထားရှိတာ တွေ့ရပါတယ်။ စိုးပြည့်ရဲ့ ခုတင်ပေါ်မှာတော့ ချစ် စရာ အရုပ်ကလေးတွေနဲ့ပေါ့။ ကျန်းမာရေး အတွက် အလေးထား ကစားဖြစ်တဲ့ စိုးပြည့်က သရုပ်ဆောင် တစ်ယောက်ဖြစ်လို့ ကိုယ်ခန္ဓာ ကြံ့ခိုင်မှု အတွက် လိုအပ်သလို၊ အမြဲတမ်း တက်ကြွ လန်းဆန်း နေစေဖို့ ကစားတာ ဖြစ်တယ်လို့ သိရပါတယ်။
စန္ဒရားတီးတာကိုတော့ ငယ်ငယ်လေးကတည်းက ၀ါသနာပါပြီး တီးခဲ့တာဖြစ်လို့ စိတ်ညစ်ညူးတဲ့ အချိန်၊ စိတ်ပင်ပန်းသွားတဲ့ အချိန်တွေမှာ စန္ဒရားတီးပြီး သီချင်းဆို လိုက်ရင် ပြေပျောက် သွားတယ်လို့ ခံယူထားတာကြောင့် စိတ်မလန်းဆန်းတဲ့ အချိန်တွေမှာနဲ့ တီးချင်စိတ် ဖြစ်တိုင်း တီး နိုင်အောင်လို့ အိပ်ခန်းထဲမှာထားဖြစ်တယ်လို့ သိရပါတယ်။
စိုးပြည့်က လောလောဆယ် ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက် ရိုက်ဖြစ်နေသလို ငယ်ငယ်ကလေးတည်းက စိတ် ထက်သန်ခဲ့တဲ့ သီချင်း ဆိုတဲ့ အလုပ်ကိုလည်း အကောင်အထည် ဖော်နိုင်ဖို့ တေးရေးဆရာ မင်းချစ်သူ၊ မြင့်မိုးအောင်၊ ကေအေတီ၊ လာဇရု၊ စိုးလင်းစတဲ့ တေးရေးတွေဆီ သီချင်းများ အပ်ထားပြီး အများဆုံးက သီချင်းချိုချို အေးအေးတွေများမယ်လို့ သိရပါတယ်။ တီးခတ်မှု အပိုင်းကိုတော့ Lazy Club တေးဂီတအဖွဲ့က တီးခတ် ပေးသွားမယ်လို့ သိရပြီး ဒီနှစ်သင်္ကြန်မတိုင်မီ ထွက်ရှိနိုင်ဖို့ ကြိုးစားနေ ကြောင်း သိရပါတယ်။
စိုးပြည့်က အနုပညာ လမ်းကြောင်းပေါ် ခြေချခွင့် ရခါစပဲ ရှိသေးတယ်လို့ ယုံကြည်ထားပြီး ရှေ့ဆက် လမ်းကြောင်းပေါ် ဆက် လျှောက်နိုင်ဖို့ ကြိုးစားဖို့ အများကြီး လိုသေးတဲ့ အတွက် ပရိသတ် ကြိုက်နှစ်သက်တဲ့ အနုပညာရှင်ဖြစ်ဖို့ ကြိုးစားဆဲဖြစ်ပြီး လောလော ဆယ် ဒါရိုက်တာ သိန်းဟန် (ဖီးနစ်) ရိုက်ကူးနေတဲ့ ဗီဒီယို ဇာတ်ကားမှာ ဟိန်းဝေယံ၊ သင်ဇာဝင့်ကျော်တို့နဲ့အတူ သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Author : လင်းနိုင်ဦး
Source : Shweamyutay