Htun Eaindar Bo

ထွန်းအိန္ဒြာဗို
အနုပညာနယ်ပယ်ထဲမှာရှိတဲ့ အနုစိတ် သရုပ်ဆောင်ပညာမှာရော၊ အဆိုပညာမှာပါ အောင်မြင်မှုတွေနဲ့အတူ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကိုရရှိထားတဲ့ သူမကတော့ ပရိသတ်တွေရဲ့ရင်ဘတ်ထဲမှာ နေရာတစ်ခုရှိနေသူ ထွန်းအိန္ဒြာဗိုပါ။ သူမဟာ မကြာသေးခင်ကမှ One Lady Show မှာ သူမ ပရိသတ်တွေရဲ့ ရင်ကိုလှုပ်ခါစေခဲ့ကာ မျိုးကျော့မြိုင်နဲ့အတူ ‘တကယ် မချစ်ဘဲနဲ့’ဆိုတဲ့ စီးရီးထွက်ရှိထားပြီး ဗီဒီယိုတွေလည်း ဆက်တိုက်ရိုက်ရင်း ပရိသတ်ကို ပေးဆပ်ကာ အနုပညာအပေါ်မှာ ရူးသွပ်နေသူဆိုရင် မမှားပါဘူး။


အပြင်ပန်းကြည့်ရင် မာနကြီးသလို ထင်ရတဲ့ သူမဟာ တကယ်တမ်း ပေါင်းကြည့်တဲ့ အခါမှာ အင်မတန်မှ သဘောကောင်းတဲ့သူ တစ်ယောက် ဖြစ်နေတာတော့ အံ့သြစရာပါပဲ။ မခိုင်ကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ ထွန်းအိန္ဒြာဗိုကို သူနှစ်သက်တဲ့ အဆိုတော်တွေအကြောင်း မေးကြည့်တဲ့ အခါမှာတော့ လက်ချိုးရေလို့ရတဲ့ နာမည်တချို့ကို ရွတ်ပြပါတယ်။ အဲဒီအထဲက တစ်ယောက် အပါအဝင် ဖြစ်တဲ့ အဆိုတော် Lဆိုင်းဇီနဲ့ သူမကို ဆုံပေးလိုက်တဲ့အခါမှာတော့ လှပတဲ့ပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
မန်မာနိုင်ငံမှာ အစ်မကြိုက်တဲ့ အဆိုတော်တွေ အများကြီးရှိပါတယ်။ သိပ်မကြိုက်တာလည်း နည်းနည်းရှိတယ်။ အဲ့ဒီအများကြီးထဲက တစ်ယောက်ဖြစ်တဲ့ဆိုင်းဇီနဲ့ ဒီနေ့ရွေးချယ်ပြီးတော့ ဓာတ်ပုံရိုက်ဖြစ်တာပါ။
အစ်မဆိုင်းဇီကို ကြိုက်တယ်ဆိုတာ သူ့ရဲ့ ဘယ်လိုသီချင်းတွေကိုကြိုက်ပြီး ဘာကြောင့်ကြိုက် တာလဲ။
အစ်မကတော့သူ့ရဲ့အသံလေးက ကရုဏာသံဖြစ်တာရယ်၊ ကြားလိုက်ရင်ဘယ်လိုမှ မလွမ်း မဆွေးဘဲမနေနိုင်ဘူး။ နောက်သူ့ရဲ့ အရည်အချင်းက ကိုယ်တိုင်လည်းသီချင်းရေးနိုင်တဲ့ အနေအထားရှိတော့ ဒါကိုလည်း လေးစားရမှာပေါ့လေ။ သူပေါက်ခဲ့တဲ့ သီချင်းတွေအားလုံးကို အစ်မသတိ ထားမိပါတယ်။ အထူးပြောစရာ မလိုပါဘူး။
ပြည်ပအဆိုတော်တွေထဲကကော အစ်မဘယ် သူတွေကို ကြိုက်နှစ်သက်မိလဲ။
စလင်းဒီယွန်ကြိုက်တယ်။ Whitney Hous ton ကြိုက်တယ်။ အစ်မက သိပ်အများကြီးတော့ နားမထောင်ဖြစ်ဘူး။ အစ်မကြိုက်တာလောက်ပဲ နားထောင်ဖြစ်တယ်။ အစ်မတို့ကလည်း Pop လိုင်းဖြစ်နေတော့ Pop နဲ့ နွယ်တဲ့ဟာတွေပဲပေါ့ နော်။ နောက် Country လေးတွေလည်း နားထောင်ပါတယ်။

အခုလိုအစ်မကြိုက်တဲ့ အဆိုတော်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဆိုင်းဇီနဲ့ ဓာတ်ပုံတွဲရိုက်ရတာ အစ်မအတွက် အဆင်ပြေမှုရှိရဲ့လား။
ရှိပါတယ်။ ဆိုင်းဇီနဲ့ အပြင်မှာလည်း ခရီး တွေ ခဏခဏသွားဖြစ်ပြီး ညီအစ်မအရင်းတွေလို ပဲဖြစ်နေတယ်။ လောလောဆယ်မှာ ကိုယ်ကမင်းသမီး၊ ဆိုင်းဇီက အဆိုတော်ဆိုတာမျိုး မရှိဘူး။ အနုပညာညီအစ်မတွေအဖြစ် ခင်ခင်မင်မင် ဓာတ်ပုံရိုက်ကြတယ်ဆိုတဲ့ စိတ်ပါပဲ။
အစ်မအနေနဲ့ ဂီတဘက်မှာ လှုပ်ရှားမှုအပိုင်း ကကော။
နောက်ဆုံးထွက်ထားတာတော့ အတွဲခွေ လေးတစ်ခွေပေါ့။ သိပ်လှုပ်ရှားမှုတော့မရှိဘူး။ နေ့စဉ် ကားပဲရိုက်နေရတော့လည်း စတိတ်ရှိုးတွေ လာငှားလည်း သိပ်မဆိုဖြစ်သေးဘူး။ နောက်ပိုင်းတော့ ကားရိုက်တွေက ဈေးကွက် အနေအထားအရ စရိတ်တွေ လျော့ကုန်တာလည်းပါတယ်။ ကားရိုက်လေးတွေက နည်းနည်းစိစစ်ကုန်တာ လည်းပါတော့ ဒီတစ်ဖက်ကို အချိန်ပေးဖြစ်ဖို့ ရှိပါတယ်။ ဆိုလိုတာ စတေ့ရှိုးတွေအတွက်ပေါ့။ စီးရီးတော့ သိပ်မလွယ်သေးဘူးနဲ့တူတယ်။ ဈေးကွက်ကလည်း တော်တော်ပျက်နေတော့လေ၊ ဘယ်လိုမှ လုပ်လို့မရဘူးဖြစ်နေတယ်။
ဟုတ်ကဲ့ပါ။ အစ်မခုနကပြောတယ်နော်။ သရုပ်ပဲဆောင်လိုက်ချင်တယ်၊ ဓာတ်ပုံရိုက်ရတာ အစ်မအတွက် ခက်ခဲမှုရှိတယ်တဲ့။ အဲဒီတော့ အခု လို ဓာတ်ပုံရိုက်တဲ့အခါ အစ်မရဲ့စိတ်ကို ဘယ်လို သွင်းယူရလဲ။
ဟုတ်တယ်။ အစ်မကိုက မနေတတ်လို့ပါ။ အဓိကတော့ ကိုယ့်အသက် အရွယ်နဲ့ ကိုယ်ရဲ့ mood နဲ့ မအောက်အောင်ကြိုးစားပြီး အဲဒီလမ်းကြောင်းထဲ သွားရ တာပေါ့နော်။ သိပ်လှချင်လွန်း ပြီးလုပ်ပြန်လည်း ရုပ်ကမလှပြန်ဘူး။ ကိုယ်က အစကတည်းက ရုပ်ခံ သိပ်လှတဲ့အထဲမှာ မပါတော့ အဲဒါကြီးကို ခေါင်းထဲသိပ်ထည့်လို့ မရဘူး။ အဲဒါကြောင့် စိတ်နှောင့်အယှက်တွေ များလို့ Still ပုံ သိပ် မရိုက်ဖြစ်ဘူး။
အဲဒါဆို ဘယ်လို အချိန်မျိုးမှာ ဘယ်လို အကြောင်းတရားတွေကြောင့် Still တွေ ရိုက်ဖြစ်တာလဲ။
အားတဲ့အချိန်နဲ့လည်း ကြုံပါမယ်။ နောက်တစ်ခုက မရိုက်တာ သိပ်ကြာလာတဲ့အခါ သိပ်ပြတ်လပ်တယ် ထင်ရင်တော့ နည်းနည်းပြန်ရိုက် ဖြစ်ပါတယ်။

 

Lဆိုင်းဇီ
အခုလို ကိုယ့်ထက်သမ္ဘာရော၊ ဝါရောကြီးတဲ့ မခိုင်ကြီးနှစ်သက်တဲ့ အဆိုတော်တွေထဲမှာ ဆိုင်းဇီ ပါဝင်တဲ့အတွက် ဘယ်လိုခံစားရလဲ။
အရမ်းလည်းဝမ်းသာပါတယ်။ မခိုင်ကြီးကို အရမ်းလည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဆိုင်းဇီက ငယ်ငယ်ကတည်းက မခိုင်ကြီးကို အရမ်းကြိုက်ခဲ့တာလေ။ ကျောင်းကပွဲတွေမှာဆို လည်း မခိုင်ကြီးသီချင်းပဲ ဆိုင်းဇီတို့က ဆိုခဲ့တာ၊ မခိုင်ကြီးရဲ့ မိုင်ပေါင်းကုဋေသီချင်းနဲ့ ကျောင်းက သီချင်းဆိုပြိုင်ပွဲမှာ ပထမဆုရခဲ့တယ်။ ကိုယ် အရမ်းလေးစားပြီး အရမ်းချစ်ခင်ရတဲ့သူ၊ ကိုယ် ငယ်ငယ်လေးကတည်းက  တကယ်ကို အားကျခဲ့ရတဲ့ ပညာရှင်တစ်ယောက်၊ သီချင်းကော သရုပ် ဆောင်ရောမှာ အရမ်းအောင်မြင်နေတဲ့ မခိုင်ကြီး ကိုယ်တိုင်က ဆိုင်းဇီကို သဘောကျတယ်၊ အားပေးတယ်ဆိုတဲ့အတွက် ကျေးဇူးလည်း အရမ်းတင်ပါတယ်။
အဲဒီလို ကိုယ်အရမ်းလေးစားတဲ့သူ၊ ကိုယ့်ကိုလည်းအားပေးတဲ့ မခိုင်ကြီးနဲ့ ဓာတ်ပုံတွဲရိုက်ရတဲ့ ခံစားမှုကကျတော့ ။
ဟိုအရင်တုန်းကတော့ တစ်ခေါက် ရိုက်ဖူးတယ်။ အရင်က မခင်တုန်းက ကျတော့ မာနများ ကြီးမလား၊ ဘယ်လိုများဖြစ်မလဲ ဆိုပြီးတော့ ထင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီလို မဟုတ်တော့ဘဲ တကယ့် ညီအစ်မ တွေလိုပဲ အရမ်းပျော် ရတယ်။ နောက်ခရီး သွားတဲ့ အချိန်မှာလည်း အတူသွား၊ အတူစားတယ်။ မာနလည်း မကြီး ဘူး။ နောက်ကိုယ့်ကို သူ့ရဲ့ညီမအရင်း တစ်ယောက်လို သဘောထားတယ်။ အရမ်းချစ်တယ်။ အရမ်းဂရုစိုက်တယ်။ နိုင်ငံခြား ခရီးထွက်လည်း ဟိုမှာ အရမ်းဂရုစိုက်ပေးတယ်။ မခိုင်ကြီး အမျိုးသားရော၊ မခိုင်ကြီးကအစပေါ့။ တကယ်ကို ထင်မထားဘူး။ အခုလည်း ညီအစ်မ နှစ်ယောက် ရိုက်သလိုရိုက်ရတဲ့ အတွက် အရမ်းကို ဝမ်းသာတယ်။
မခိုင်ကြီးနဲ့ ဆိုင်းဇီက ဘယ်လိုကနေစပြီး ခင်မင်မှုတွေရလာခဲ့ကြတာလဲ။
ဆိုင်းဇီအဆိုတော်စဖြစ်ခါစက အဆိုတော် ကြီးတွေ၊ မင်းသမီးကြီးတွေဆို ကိုယ်က ဘယ်ခေါ်ရဲမလဲနော်။ အဲဒီအချိန်မှာ မခိုင်ကြီးက သမ္ဘာရင့်ဝါရင့်ဖြစ်နေတဲ့အခါ ကျတော့ အရမ်းကြောက်တယ်။ ၂ဝဝ၆ – ၂ဝဝ၇ လောက်က စင်ကာပူခရီးသွားတဲ့ အခါကျမှ မခိုင်ကြီးနဲ့ ပိုပြီးရင်းရင်းနှီးနှီး ဖြစ်သွားတာ။ အရင်တုန်းက တွေ့တဲ့ အချိန်မှာ စကားသေချာ မပြောဖြစ်ဘူး။ တွေ့ရင်ရယ်ပြတယ်၊ ခေါ်ပြောဖြစ်တယ်။ ဒီလောက်ပဲ၊ စင်ကာပူ ကအပြန်ကျ တော့လည်း လေယာဉ်တစ်စီးတည်း အတူပြန်ဖြစ်တယ်။ အဲဒီအကြိုခရီးမှာ  စကားတွေ ပြောဖြစ်တယ်။ သမီး ဘယ်လို၊ ဘယ်လိုကြိုးစား ဆိုပြီးလေ။ အဲဒီကနေစပြီး နောက်ပိုင်း ညီအစ်မ တွေလိုကို ခင်မင်သွားတာ။
ဆိုင်းဇီရဲ့ အခုလက်ရှိ ဂီတလှုပ်ရှားမှုကိုလည်း ပြောပါဦး။
‘အိပ်မက်ဝတ်စုံ’ ဗီစီဒီရိုက်နေတယ်။ ဆိုင်း ဇီရဲ့ Solo ခွေက မေလ ၃ဝ ရက်မှာ ထွက်တယ်။  ဗီစီဒီကိုတော့ အောက်တိုဘာ၊ နိုဝင်ဘာလောက် မှာထွက်ဖို့ ကြိုးစားနေတယ်။ အခုက Show ရာသီဆိုတော့Show ပွဲတွေ လိုက်ဆိုဖြစ်တယ်။ နယ်တွေ သီချင်းသွားဆိုတယ်၊ ဒီလောက်ပါပဲ။ Solo ခွေထဲမှာ Country  ပုံစံလေးတွေပါ တယ်။ R&B ပုံစံလေးတွေပါမယ်။ ဆိုင်းဇီ မဆိုဖူး သေးတဲ့ ပုံစံလေးတွေပေါ့။ Pop တွေ၊ Slow Rock တွေလည်းပါမယ်။ တေးရေးတွေက ဦးမောင်မောင်ဇော်လတ်၊ ကိုစံပီး၊ ကိုရွှေဂျော် ဂျော်၊ ဦးကေအေတီတို့ ၄ ယောက်၊ တစ်ယောက်ကို တစ်ပုဒ်နဲ့ ၄ ပုဒ်၊ ဆိုင်းဇီက ၇ ပုဒ်ရေးထား တယ်။ စုစုပေါင်း ၁၁ ပုဒ်၊ ၁ဝ ပုဒ်က Own Tune၊ ဦးကေအေတီရေးတဲ့ တစ်ပုဒ်က Copyပါ။ သီချင်းတွေအားလုံးကို ကြိုက်တယ်။ ဒါပေမဲ့ အကြိုက်ဆုံးဆိုရင်တော့..(ရယ်လျက်)၊ ကိုယ့်ဟာကိုယ်ရေးထားတဲ့ သီချင်းလေးတစ်ပုဒ်ရှိတယ်။ အဲဒီသီချင်းလေးကိုစီးရီး Title ပေးထားတယ်။ ‘ဝေခွဲမရပါလား’ တဲ့ Own Tune လေးပါပဲ။
‘ဝေခွဲမရပါလား’ဆိုတဲ့ ခေါင်းစဉ်လေးကလည်း ကြားလိုက်ရင် ဆွေးရိပ်လေး သန်းစေတယ်နော်။ ဆိုင်းဇီသီချင်းရေးရင် အချစ်အလွမ်း အဆွေးတွေ ရွေးပြီးရေးဖြစ်တာ ဘာဖြစ်လို့လဲ။
ဟုတ်တယ်။ ဆိုင်းဇီက အသည်းကွဲတာတို့ မျှော်လင့်တဲ့ သီချင်းတွေရေးတာများတယ်။ ကိုယ် ကလည်း မိန်းကလေးတစ်ယောက်ဖြစ်တဲ့အခါကျ တော့ မိန်းကလေးဘက်က ခံစားချက်ကို ရေးတာ လည်းပါတယ်။ နောက်ကိုယ်တိုင် ခံစားခဲ့ရတဲ့ ခံစား ချက်တွေကို ရေးခဲ့တာလည်းပါပါတယ် (ရယ်လျက်)။                        အဲဒါကြောင့် ဆိုင်းဇီကို မိန်းကလေး ပရိသတ် တွေက ပိုပြီးကြိုက်ကြတာလို့ ပြောလို့ရမလား။
အင်းပေါ့၊ ဆိုင်းဇီခံစားချက်နဲ့ သူတို့ ခံစားချက်နဲ့ တိုက်ဆိုင်သွားတဲ့အခါကျတော့လည်း သူတို့ ဆိုင်းဇီကို အရမ်းအားပေးကြတာလို့ ဆိုင်းဇီထင်ပါတယ်။ ဒီတစ်ခါ ဆိုင်းဇီရဲ့Solo ခွေထဲမှာလည်း အသည်းကွဲချည်း မဟုတ်ပါဘူး။ အသည်းမကွဲတဲ့ သီချင်းတွေလည်းပါပါတယ်လို့ (ရယ်လျက်)။
ဗီစီဒီမှာကော ဘယ်လိုပုံစံမျိုးတွေနဲ့ ပုံဖော်မယ် လို့ စဉ်းစားထားလဲ။
ဗီစီဒီမှာတော့ ဆိုင်းဇီ MTV ပုံစံရိုက်ဖြစ်ဖို့များတယ်။ တချို့သီချင်းတွေက Live Show ဆိုတဲ့ ပုံစံရိုက်မယ်။
မိုးတွင်းပြီးရင် တစ်ကိုယ်တောှ့်သတ လုပ် မယ်ဆိုတာ ရက်ကော သေချာသတ်မှတ်ပြီးပြီလား။
ရက်တော့သေချာ မသတ်မှတ်ရသေးဘူး။မေလ ၃ဝရက်က ‘ဝေခွဲမရပါလား’ ဆိုတဲ့ solo ခွေထွက်ခဲ့ပြီး အောက်တိုဘာ၊ နိုဝင်ဘာ လောက်မှာ ဗီစီဒီထွက်ဖို့ရှိကာ အရင်ကနဲ့မတူ ကိုယ်ရေစစ်ပြီး လှနေတဲ့ Lဆိုင်းဇီကလည်း သူမ ချစ်တဲ့မခိုင်ကြီးနဲ့ အတူ ရတီပရိသတ်ကြီးအတွက် တက်ကြွစွာပုံဖော် ပေးခဲ့ပါတယ်။ မခိုင်ကြီးနဲ့ Lဆိုင်းဇီတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်၊ အပေးအယူမျှမျှနဲ့ ညီအစ်မရင်းတွေလို ရိုက်ပေး ခဲ့တဲ့ပုံရိပ်တွေနဲ့အတူ သူမတို့နှစ်ယောက်ရဲ့ စိတ်တွင်းတစ်စိတ်တစ်ဒေသကို လှစ်ဟကြည့် ရင်းဖြင့်…။

 

 

Author : အိချိုမိုးမြင့်
Source : Yatimagazine


blog comments powered by Disqus