Model, Designer  INDIA HICKS

INDIA HICKS  ဆိုတာ အင်္ဂလန်နိုင်ငံဖွား၊ အင်္ဂလန်ဇာတိ၊အင်္ဂလိပ်အမျိုးသမီး တစ်ယောက် ဖြစ်ပါတယ်။ သူမနာမည်’INDIA’ ဟာ အိန္ဒိယနိုင်ငံနှင့် အမည်တူနေလို့ ထူးဆန်းတယ်လို့ ဆိုနိုင်ပေမယ့်၊ သူမရဲ့ မျိုးဆက်သမိုင်းလမ်းကြောင်းကို ဆန်းစစ်လေ့လာ ကြည့်မယ်ဆိုရင်တော့ သူမနာမည်ရဲ့ မြစ်ဖျားခံရာကို ရှာတွေ့နိုင်ပါလိမ့် မယ်။ သူမဟာ ဒုတိယကမ္ဘာစစ်ကာလ အချိန်အခါက ဗြိတိသျှနိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးဘက်မှာ ထင်ရှားကျော်ကြားခဲ့တဲ့ အင်္ဂလိပ်တော်ဝင်မျိုးနွယ် “EARL MOUNTBATTEN OF BURMA”မောင့်ဘက်တန်ရဲ့ မြေးဖြစ်ပါတယ်။


မောင့်ဘက်တန်ဟာ ကိုလိုနီခေတ်မှာ ဗြိတိသျှဘုရင်မကြီးကိုယ်စား အိန္ဒိယနိုင်ငံကို နောက် ဆုံးအုပ်ချုပ်ခဲ့တဲ့ ဘုရင်ခံဖြစ်ပါတယ်။ ဒါကြောင့်လည်း’INDIA’ နိုင်ငံကို အမှတ်တရအဖြစ် မြေးမလေးကို ဒီနာမည်ပေးခဲ့ဟန်တူပါတယ်။ ‘INDIA’ ရဲ့ မိဘများဟာ လည်း ထင်ရှားကျော်ကြားတဲ့ တော်ဝင်မျိုးနွယ်များ ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်က ဆုံးပါးသွားခဲ့ပြီဖြစ်တဲ့ ဖခင် DAVID HICKSဟာ ထင်ရှားအောင်မြင်တဲ့၂ဝ၁ဝ INTERIOR DESIGNER ၊ အိမ်တွင်းအခင်းအကျင်း၊ ဒီဇိုင်းအလှဆင်သူဖြစ်ပြီး၊ ဂန္ထဝင်နှင့် ခေတ်ပြိုင်စတိုင်များကို သဟဇာတဖြစ်အောင် ပေါင်းစပ်နိုင်စွမ်းရှိတဲ့ စတိုင်များကြောင့် ကျော်ကြားသူဖြစ်ပါတယ်။ ဒီဇိုင်းများနှင့်ပတ်သက်ပြီး စာအုပ်ပေါင်းများစွာကိုလည်း ရေးသားခဲ့သူဖြစ်ပါတယ်။

INDIA ရဲ့ မိခင် LADY PAMELA HICKSဟာ ဘုရင်မကြီးရဲ့ ကြင်ရာတော် မင်းသားကြီး PHILIP ဖိလစ်(ပ်)၊ အယ်ဒင်ဘာရာမြို့စားကြီးရဲ့ တစ်ဝမ်းကွဲနှမငယ်ဖြစ်ပါတယ်။ EARL MOU -NTBATTENဟာ မင်းသားကြီး PHILIP ရဲ့ ဦးရီးတော်လည်း ဖြစ်ပါတယ်။LADY PAMELA ဟာ ငယ်ရွယ်စဉ်အချိန်က ဘုရင်မကြီးရဲ့ အပျိုတော်လည်း ဖြစ်ခဲ့ဖူး ပါတယ်။ယခုအချိန်မှာတော့ INDIA ရဲ့ မိခင် LADY PAMELA HICKS ဟာ ခင်ပွန်းသည် စိတ်တိုင်းကျ ပြင်ဆင်ခဲ့တဲ့ ဂန္ထဝင်ဒီဇိုင်းများနှင့် ခန့်ညားသားနားလှတဲ့ အင်္ဂလန်နိုင်ငံ OXFORD SHIRE အရပ်ဒေသက စံအိမ်ကြီးမှာ နေထိုင်လျက်ရှိပါတယ်။  INDIA ရဲ့ ခေါင်းကိုင်ဖခင်က အိမ်ရှေ့စံ ဝေလမင်းသားPRINCE CHARLES ဖြစ်ပြီး၊ သူမရဲ့ နှစ်ဝမ်းကွဲ အစ်ကိုတော်လည်း ဖြစ်ပါတယ်။ အိမ်ရှေ့စံမင်းသားနှင့် လေဒီဒိုင်ယာနာတို့ လက်ထပ်စဉ်ကလည်း INDIA က အပျိုရံတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒီလိုအထက်တန်းစား လူ့အလွှာက ပေါက်ဖွားလာတဲ့ INDIA ဟာ ငယ်ရွယ်စဉ်အခါက MODEL တစ်ဦးဖြစ်ခဲ့ပါတယ်။

ခုအချိန်မှာ အသက် ၄၂နှစ် ရှိနေ ပြီဖြစ်တဲ့ INDIA ဟာ MODEL ဘဝမှာနှစ်ပေါင်း ၂ဝခန့် ကျင်လည်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ကမ္ဘာကျော် BRAND တစ်ခုဖြစ်တဲ့ RALPH LAURENရဲ့ အလေးထား ရဆုံး စံပြမယ်တစ်ဦးလည်း ဖြစ်ခဲ့ဖူးပါတယ်။ INDIAဟာ ခုချိန်မှာ လက်တွဲဖော်ဖြစ်သူ DAVID FLINT WOODနှင့်အတူ အင်္ဂလန်နိုင်ငံကို စွန့်ခွာပြီး BAHAMAS ကျွန်းစုမှာ နေထိုင်တာ ၁၅ နှစ် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ သူတို့မှာ ကလေး လေးယောက်ရှိပြီး အကြီးဆုံးက ၁၃ နှစ်ဖြစ်ပြီး အငယ်ဆုံးက အသက် ၂ နှစ်သာရှိသေးတဲ့ DOMINO ဖြစ်ပါတယ်။ ကာရေဘီယန်ကျွန်းစုများမှာ နေထိုင်ရတာကိုINDIA ကသဘောကျ နှစ်ခြိုက်ပြီး၊ အင်္ဂလန်နိုင်ငံမိခင်ရှိရာ OXFORDSHIRE က ခမ်းနား လှပတဲ့ စံအိမ်ကြီးကိုလည်း အကြောင်းအားလျော်စွာ လာလည်လေ့ရှိပါတယ်။ INDIA ဟာ ဒီဇိုင်နာ၊ မော်ဒယ်လ်၊ စာရေးသူနှင့် တစ်ရံတစ်ခါတီဗီမှာ အစီအစဉ် တင် ဆက်သူအဖြစ် လုပ်ကိုင်လှုပ်ရှားလျက်ရှိပြီး အလုပ်များသူ တစ်ဦးလည်းဖြစ်ပါတယ်။

အလုပ်ကိစ္စနှင့်ပတ်သက်ပြီးINDIAဟာ နယူးရော့ခ်၊ ကနေဒါ၊ U.K၊ L.A အစရှိတဲ့ နေရာများကို မကြာခဏသွားရလေ့ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က ‘TOP DESIGN’ ဆိုတဲ့   REALITY TV SHOW ကို စီးရီးများအဖြစ် သူမက တင်ဆက် ခဲ့ပြီး ခုချိန်မှာတော့ CRABTREE & EVELYN တံဆိပ်အတွက် ခန္ဓာကိုယ်နှင့် အိမ်တွင်းသုံးမွှေးရနံ့များကို ထုတ်လုပ်ပေးလျက်ရှိပါတယ်။ နောက်ဆုံးလတ်တလော အလုပ်ကတော့ ‘VIYELLA’ တံဆိပ်က ထုတ်လုပ်တဲ့ဝတ်စုံများကို MODEL အဖြစ် ဝတ်ဆင်ရိုက်ကူးကြော်ငြာပေးဖို့ပဲ ဖြစ်ပါတယ်။ ‘VIYELLA’ ဗိုင်ရယ်လာဟာ ဂန္ထဝင်ဝတ်စုံBRANDတစ်ခုဖြစ်ပြီး၊သူတို့ရဲ့ ဝတ်စုံများဟာ စတိုင်နှင့် သက်သောင့်သက်သာရှိမှုမှာ အရည်အသွေးပြည့်ဝတဲ့ ဗြိတိသျှတို့ရဲ့ပုံစံကို ထပ်တူထပ်မျှ ကျအောင် ပုံဖော်နိုင်စွမ်းရှိတယ်လို့ INDIA က ဆိုပါတယ်။ INDIA ကိုယ်တိုင်ကလည်း တချို့အသွင်အပြင်တွေကို ပြောင်းလဲပစ်ပြီး၊ သူမရဲ့အမှတ်သညာကို ထင်သာမြင်သာ ဖြစ်စေလိုတဲ့ဆန္ဒရှိနေတာကို ထုတ်လုပ်သူပိုင်ရှင်များကလည်းကျေနပ်လက်ခံကြတယ်လို့ ဆိုပါတယ်။ ဒီ BRANDဟာ အင်္ဂလန်နိုင်ငံရဲ့ ရှေးအစဉ် အဆက် ကတည်းက တည်ရှိခဲ့တဲ့ BRAND ဖြစ်ပြီး INDIA ကိုယ်တိုင်ကလည်း ဒီ BARND နှင့် ကြီးပြင်းလာခဲ့သူဖြစ်ပါတယ်။

ဘဝတစ်သက်တာလုံး ရင်းနှီးခဲ့တဲ့ BRNAD လို့လည်း ဆိုနိုင်ပါတယ်။ ငယ်စဉ်က တော်ဝင်မင်းသမီး ANNE လက်ဆင့်ကမ်းခဲ့တဲ့အဖိုးထိုက်အဖိုးတန် VIYELLA ဝတ်စုံများကိုဝတ်ဆင်ခဲ့ရသူ INDIA က ”ဒီတံဆိပ် နာမည်နဲ့ပတ်သက်လို့ ချစ်ခင်နှစ်သက်ဖွယ်ရာ အမှတ်ရစရာတွေရှိခဲ့တယ်” လို့လည်းဆိုပါတယ်။ INDIA ဟာ ဒီလုပ်ငန်းအတွက် ဘဟားမား ကျွန်းစု ထဲက ဝေးလံတဲ့ ကျွန်းကလေးတစ်ကျွန်းက အိမ်ကိုခေတ္တစွန့်ခွာပြီး အင်္ဂလန်နိုင်ငံ၊ မိခင်ရှိရာအရပ်ကို လာရောက်တာဖြစ်ပါတယ်။ ”ကျွန်းပေါ်မှာနေတာ ၁၅ နှစ်ရှိပေ မယ့် အင်္ဂလန်က OXFORDSHIRE အောက်စ်ဖို့ဒ်ရှိုင်းယား အိမ်ကို ရောက်ရင်လည်း ကိုယ့်အိမ်ပြန်ရောက်သလိုပဲ ခံစားရတယ်။ ကျွန်မအမေက ကျွန်မရဲ့အိမ်ပဲ ဖြစ် တယ်။ အစ်မနဲ့ ကျွန်မကြားမှာ အရမ်းကို ခိုင်မြဲတဲ့ကြိုးရှိတယ်။ သူက ကျွန်မဘဝကို သာယာလှပ အဆင်ပြေစေပါတယ်” လို့ ငယ်စဉ်ကနေထိုင်ခဲ့တဲ့ မိဘများရဲ့အိမ်၊ အဖေ့လက်ရာတွေနှင့် ထုံမွှမ်းထားတဲ့ စံအိမ်ဂေဟာမှာ ဓာတ်ပုံအရိုက်ခံရင်း INDIA က ဆိုပါတယ်။ ဒီအိမ်နှင့် နာရီဝက်ခရီးမှာရှိတဲ့ ကျောင်းမှာလည်း INDIAရဲ့ သားအကြီး နှစ် ယောက်ကို ဘော်ဒါကျောင်းအိပ်ကျောင်းစားဖို့ထားတာမို့ INDIA အတွက် ပိုပြီးအဆင်ပြေပါတယ်။ ”ကျွန်မက အလုပ်လုပ်နေတဲ့ အမေတစ်ယာက်ဖြစ်တယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ အိမ်ကကလေးငယ်တွေကို ထားခဲ့ပြီး အလုပ်လုပ်ရမယ်ဆိုရင်တော့ တကယ့်ကိုကျွန်မအတွက် လုပ်ရကျိုးနပ်ပြီး၊ ကြီးကျယ်တဲ့ လုပ်ငန်းတစ်ခုဖြစ်ဖို့လိုတယ်” လို့ INDIAက ဆိုပါတယ်။ ကာရေဘီယန်ကျွန်းစုအိမ်မှာတော့ INDIA အတွက် ဒီဇိုင်နာဝတ်စုံများ မလိုအပ်ဘူးလို့ ဆိုရပါမယ်။ ဖိနပ်မပါ၊ ဘောင်းဘီတိုနှင့် သူမတို့မိသားစုရဲ့’HIBISCUS HILL’ အိမ်ဂေဟာမှာနေလေ့ရှိတဲ့ INDIA ဟာ မိသားစုဝင်များဖြစ်တဲ့လက် တွဲဖောDAVID ၊ သားကြီး FELIX (၁၃)၊AMORY(၁၁)၊ CONRAD (၇)၊ DOMINO(၂)နှစ်၊ အိမ်မွေးတိရစ္ဆာန်ပေါင်း မြောက်မြားစွာနှင့်ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင် လျက် ရှိပါတယ်။ သူမငယ်ရွယ်စဉ်က ဓလေ့ထုံးတမ်းအစဉ်အလာများကိုလိုက်နာပြီး ပဒေသရာဇ်အထက်တန်းလွှာ သားသမီးများ ပီသစွာ ကြီးပြင်းနေထိုင်ခဲ့ရပေမယ့်၊ သူမရဲ့ ကလေးများကိုတော့ လွတ်လပ်ပျော်ရွှင်စွာ ကြီးပြင်းစေတယ်လို့ ဆိုရပါတယ်။ ဒါပေမဲ့ ကျွန်းပေါ်က သူမတို့အိမ်ရဲ့ ကြီးမားတဲ့ ဧည့်ခန်းကျယ်ကြီးတစ်ခု အတွင်းမှာတော့ ကလေးများဟာ မတူညီတဲ့ပုံစံနေထိုင်မှုမျိုးနှင့် ဧည့်သည်များကို ယဉ်ကျေးပျူငှာဆက်ဆံရမယ်ဆိုတာကို သိထားကြပြီး၊ သူတို့ကိုယ်ပိုင် နေရာထိုင် ခင်းများမှာတော့ စိတ်တိုင်းကျနေထိုင်နိုင်ကြတယ်လို့ INDIA က ဆိုပါတယ်။ အငယ်ဆုံးကလေးဖြစ်တဲ့  DOMINOကိုတော့ နည်းနည်းပိုအလိုလိုက်တယ်လို့လည်း INDIAက ဆိုပါတယ်။

DOMINOဆိုတဲ့ နာမည်က ဘာဟားမားကျွန်းစုများမှာ ရိုက်ကူးခဲ့တဲ့ 007 JAMES BONDထဲက မင်းသမီးရဲ့ နာမည်ဖြစ်ပါတယ်။ ကလေး တွေမှာ ကောင်းမွန်တဲ့ အမူအကျင့်၊ ဓလေ့စရိုက်တွေရှိပြီး မိဘတွေသွန်သင်ညွှန်ပြတဲ့ တန်ဖိုးတွေကိုလည်းအမှတ်ရသတိရနေမယ်ဆိုရင် သူမတို့ အနေနှင့် လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်ဆောင်ပြီးပြီလို့ မှတ်ယူရမှာဖြစ်တယ်လို့လည်း သားသမီးများအပေါ်ထားတဲ့ မိခင်စိတ်နှင့် INDIAက ဆိုပါတယ်။ ကျွန်းပေါ်မှာ နေတဲ့ အချိန်မှာ ကလေးအကြီးနှစ်ယောက်ကို ဘော်ဒါပို့ထားရတာ အနာကျင်ဆုံးခံစားမှုပဲလို့ သူမက ဆိုပါတယ်။ အငယ်ဆုံးကလေးလေး DOMINOကိုလည်း တစ်ချိန်မှာ သူမပညာရေးအတွက် ဒီလိုပဲ ခွဲသင့်ခွဲရဦးမှာဖြစ်တယ်လို့ဆိုတဲ့ INDIAက ”သူလေးကလည်း ကျွန်မလိုပဲ မြို့စားနယ်စားတွေနဲ့ လက်ထပ်မှာမဟုတ်တော့ ပညာ ကောင်းကောင်းတတ်ဖို့လိုတယ်။ ကျွန်မတို့ငယ်ငယ်တုန်းက အဖေက ကျွန်မတို့ကို မြို့စားနယ်စား အထက်တန်းစားတွေနဲ့ လက်ထပ်စေချင်ခဲ့တာ၊ ကျွန်မတို့ ညီအစ်မ နှစ်ယောက်စလုံးက ကြိုက်တာယူခဲ့ကြတော့ အဖေတော်တော်လေး စိတ်ပျက်ခဲ့မှာအမှန်ပဲ။

ဒါပေမဲ့လည်း ကျွန်မကတော့ ကျွန်မသမီးလေးကို သူသဘောကျတဲ့သူပဲ ယူစေချင်ပြီး၊ပျော်စေချင်ပါတယ်” လို့ ဆိုပါတယ်။သူမရဲ့ ကိုယ်ပိုင် STYLEနဲ့ပတ်သက်လို့  INDIAက သူမရဲ့ STYLE ကို ‘ခေတ်ပေါ် ဂန္ထဝင် STYLEလို့ အမည်တပ် ပါတယ်။ ဒီ STYLEနှင့် လှုပ်ရှားနေခဲ့တာလည်း ဆယ်စုနှစ်တစ်နှစ်ရှိနေပြီး ဖြစ်ပါတယ်။ သူမရဲ့ငယ်စဉ်ဘဝမှာ တစ်ချိန်က အရမ်းကို ဖက်ရှင်ကျအောင် ထိုင်ဝတ်စား ဆင်ယင်ခဲ့ပြီး ယခု အတန်ငယ်ပြောင်းလဲလာပြီ ဖြစ်ပေမယ့် ဖက်ရှင်ကိုတော့ ချစ်မြတ်နိုးတုန်းဖြစ်တယ်လို့ INDIA က ဆိုပါတယ်။ ”လှပတဲ့ ဝတ်စုံတစ်ခုဟာ ကျွန်မရဲ့ စိတ်ကို ပျော်ရွှင်စေတယ်။ အမှန်တော့ ဖက်ရှင်ဆိုတာ အဲဒါပါပဲ။ ကိုယ့်ကိုယ်ကိုယ် နှစ်သက်ကျေနပ်မှုဖြစ်စေတာဟာ ဖက်ရှင်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့အရေးကြီးတာက ဒီအဝတ်အစားတွေထဲမှာ ကိုယ့်ရဲ့အစစ်အမှန်ပုံရိပ် ပျောက်မသွားဖို့ဘဲဖြစ်တယ်။

ကျွန်မအနေနဲ့ ဥပမာပြောရမယ်ဆိုရင် ဒီဇိုင်နာ VIVIENNE WEST WOOD ရဲ့ စံပြမယ်လုပ်ဖို့ဆိုရင်တော့ စိတ်မသက်မသာဖြစ်မိမှာ အမှန်ပဲ။ ကျွန်မနဲ့ ဘယ်လိုမှ လိုက်ဖက်မှာမဟုတ်ဘူး”လို့ INDIAက ဖက်ရှင်နဲ့ပတ်သက်တဲ့ သူမရဲ့သဘောထား၊ အတွေးအမြင်ကို ပုံဖော်ပါတယ်။(VIVIENNE WESTWOOD ကို PUNK QUEEN လို့ အမည်တပ်ကြပြီး သူမ၏ ဒီဇိုင်းများမှာ ဆန်းပြားထူးခြားအစွန်းရောက် ဒီဇိုင်း များဖြစ်ပါသည်။)’ကျွန်းကလေးပေါ်မှာ နေထိုင်တယ်’ ဆိုတာ အထင်မှာ စိတ်ကူးယဉ်စရာဖြစ်ပေမယ့် မြင်လက်တွေ့မှာတော့ လူတိုင်းအတွက် အဆင်မပြေနိုင်တဲ့ နေရာမျိုးဖြစ်ပါတယ်။ ဆရာဝန်များ၊ သွားဆရာဝန်၊ တိရစ္ဆာန်ဆရာဝန်၊ အဝတ်အခြောက် လျှော်ဆိုင်များ လွယ်လွယ်ကူကူရှာမရနိုင်တဲ့အပြင် တစ်နှစ်မှာ သုံးလ ကြုံရတဲ့ ဟာရီကိန်းမုန်တိုင်း ဥတုရာသီလည်းရှိပါတယ်။ ပျော်စရာရွှင်စရာများရှားပါးပြီး ယဉ်ကျေးမှုဆိုင်ရာ ပွဲလမ်းများလည်း မရှိသလောက်ဖြစ်ပါတယ်။ ဒီလို သာမန် မဟုတ်တဲ့ ဘဝလူနေမှုစတိုင်ကိုယဉ်ပါးဖို့က တော်ရုံတန်ရုံ ကိုယ်ရည်ကိုယ်သွေးနှင့် မဖြစ်နိုင်ဘူးလို့ ဆိုရပါမယ်။

”ကျွန်မငယ်ငယ်က နာမည်ကြီးလှတဲ့ GORDONSTOUN ဘော်ဒါကျောင်းမှာ ကျောင်းအိပ်ကျောင်းစားနေရတယ်။ ဒီကျောင်းက စကော့တလန်ကမ်းခြေ အစွန်းဒေသ၊ လူသူမနီးတဲ့ နေရာမျိုးမှာရှိပြီး စည်းကမ်းလည်း တအားကြီးတယ်။ ခံနိုင်ရည်ရှိအောင် ကြမ်းတမ်းမှုတွေ ကျင့်သားရအောင် ဒီကျောင်းက လေ့ကျင့်ပေးနိုင်ခဲ့တယ်။ မော်ဒယ်လ်ဘဝတုန်းကလည်း ဒီလိုပဲ။ မတူတဲ့အဖွဲ့တွေနဲ့ စုပေါင်းပြီးအလုပ်လုပ်ရတယ်။ ဒီတော့ လူတွေနဲ့ အဆင်ပြေပြေနေနိုင်အောင် ကြိုးစားရတယ်။ ကျွန်မအခုနေထိုင်တဲ့နေရာက လူနည်းစု အနည်းငယ်သာ နေထိုင်တဲ့ နေရာဒေသဖြစ်ပြီး ဒီလိုနေရျာိုးမှာ စုပေါင်းလုပ်ဆောင်ကြတဲ့ ပတ်ဝန်းကျင်ရှိဖို့က အရမ်းအရေးကြီးတယ်” လို့ INDIAက ဆိုပါတယ်။ ဒါပေမဲ့ အားလုံးထဲမှာ အရေးပါဆုံးကတော့ သူမရဲ့ မိသားစုမိခင်ဘဝပဲဖြစ်တယ်လို့  INDIAက ဆိုပါတယ်။”ကလေးလေးယောက်ရှိတဲ့အတွက် အကောင်းဆုံး အရာ ကတော့ ကိုယ့်အတွက် အချိန်နည်းနည်းလေးပဲ ရှိတာဖြစ်တယ်။ ကျွန်မအထင်ပြောရရင်တော့ အဲဒါကလည်း တကယ့်ကို နှစ်သက်ဖွယ်ရာပဲဖြစ်ပါတယ်” လို့ ဒီဇိုင်နာ၊ မော်ဒယ်လ်၊ လုပ်ငန်းရှင်၊ ကျွန်းကလေးမှာနေထိုင်သူ တော်ဝင်မျိုးနွယ်၊ လှပမိခင်စွမ်းအားရှင် ‘INDIA HICKS’ က ဆိုပါတယ်။

 

 

Author : တင်လတ်သန္တာဗိုလ်
Source : .Myanmar.Mmtimes

 


blog comments powered by Disqus