Designer Ma Thin Su Kyaw

'လူမှာအဝတ်၊ တောင်းမှာအကွပ်' ဆိုတဲ့အတိုင်း လူတစ်ဦးရဲ့ ပြင်ပသွင်ပြင် လက္ခဏာများကို ဝတ်စားဆင်ယင်မှုနဲ့ အမှတ်ပေး ဆုံးဖြတ်တတ်ကြတဲ့ သဘာဝအလျောက် လာခဲ့တာကို တွေ့မြင်သိရှိနေရပါတယ်။ အထူးသဖြင့် အနုပညာလောကမှ သရုပ်ဆောင်များအတွက် ဆန်းသစ်သော ဖက်ရှင်ဒီဇိုင်း အမျိုးမျိုးကို ဖန်တီး တီထွင်နိုင်ခြင်း မှာလည်း ပရိသတ် အားပေးမှုကို တစ်ခန်းတစ်ကဏ္ဍ ရယူနိုင်သော အကြောင်းတစ်ချက် ဖြစ်ခဲ့ရပါတယ်။


သရုပ်ဆောင် မင်းသား၊ မင်းသမီးများမှာ ပင်တိုင်ဖက်ရှင် ဒီဇိုင်နာများကို ထားရှိပြီး၊ ဇာတ်ကားများရဲ့ ဇာတ်ဝင်ခန်းအလိုက်၊ အဝတ်အစားများကို တီထွင်ချုပ်လုပ် လာကြသလို ပြက္ခဒိန်ကြော်ငြာများနဲ့ ပွဲတက်ဖက်ရှင် ဒီဇိုင်းများကိုလည်း ဖန်တီး တီထွင်လာကြပြန်ပါတယ်။ အနုပညာအရည်အသွေး ကောင်းမွန်မှုကို ဦးစားပေးသင့်သလို၊ ဖက်ရှင်ဒီဇိုင်း လှပဆန်းသစ်မှု အပေါ်မှာလည်း အလေးထားလာသင့်တဲ့ သရုပ်ဆောင်များ အတွက် ပင်တိုင်ဖက်ရှင်ဒီဇိုင်နာ များကလည်း မရှိမဖြစ် လိုအပ်လာပါပြီ။ ယနေ့စူပါသရုပ်ဆောင်မင်းသား ပြေတီဦးနဲ့ ဖက်ရှင်ဒီဇိုင်နာအဖြစ်၊ ဝတ်စုံဒီဇိုင်းများကို ဖန်တီး၊တီထွင်၊ ချုပ်လုပ်ပေးနေတဲ့ ဒီဇိုင်နာ မသင်းစုကျော်ကလည်း ပင်တိုင်ဒီဇိုင်နာ တစ်ဦးပီပီ၊ ဆန်းသစ်တီထွင်မှုများနဲ့ ရှေ့ဆက်နေသူဖြစ်တာကြောင့် . . .

နာမည်ကြီး မင်းသားတစ်ယောက်ကို ပင်တိုင်ဝတ်စုံ ဒီဇိုင်းလုပ်ပြီး ဇာတ်ကားတွေအတွက် ချုပ်ပေးရတဲ့အခါ ဘယ်လို အိုင်ဒီယာတွေနဲ့ မထပ်အောင် စီစဉ်ပေးရသလဲဆိုတော့ ပထမဆုံး သူ့ဇာတ်ညွှန်းကိုကြည့်လိုက်တယ်။ ဇာတ်ကားတစ်ကား ရိုက်တော့မယ်ဆိုရင် သူဋ္ဌေးသားဆို သူဋ္ဌေးသား၊ ဆင်းရဲသားဆိုရင် ဆင်းရဲသားဇာတ်ကောင်ထားပါတော့ ရပ်ကွက်ထဲက ကလေးတွေ၊ ကောင်လေးတွေ ပုံစံမျိုး ချုပ်ပေးရတာမျိုးတို့ ရိုးရိုး သာမန်လူတစ်ယောက်လို ချုပ်ပေးရတဲ့အခါလည်း ရှိပါတယ်။ တကယ်လိုအပ်တဲ့အခါ Branded ဆိုရင်လည်း Branded သူ့ဇာတ်ရုပ်နဲ့သူ စီစဉ်ပေးရတာ မျိုးတော့ရှိတယ်။

အစ်မကနဂိုကတည်းက အမျိုးသမီးတွေကို ချုပ်ပါတယ်။ ဖက်ရှင်ဒီဇိုင်းလုပ်ပေးတယ်။ မင်းသမီးထဲမှာဆို နဝရတ်ကို ပုံမှန်ချုပ်ပေးတယ်။ Video တစ်ကားစာဆိုရင် တစ်ကားစာလုံး သူ့ကို ချုပ်ပေးရတယ်၊ စီစဉ်ပေးရတယ်။ ရုပ်ရှင်ကားဆိုရင် တစ်ကားလုံးစီစဉ်ရတယ်။ မင်းသားဆိုရင်တော့ ပြေတီဦး တစ်ယောက်တည်းပါပဲ။ ကိုပြေတီဦးနဲ့ အလုပ်လုပ်တာ နှစ်နှစ်လောက်ရှိသွားပါပြီ။ ဒါပေမဲ့ အင်္ကျီချုပ်တဲ့ဒီဇိုင်နာ အလုပ်လုပ်တာ (၁၉၉၆)ခုနှစ် ကတည်းကပေါ့။ ဒီအင်္ကျီချုပ်တဲ့ အလုပ်ကိုလုပ်တာ။ မနဝရတ်နဲ့ကတော့ လက်တွဲလာတာ ရှစ်နှစ်လောက်ရှိသွားပါပြီ။

အရင်ကတော့ ဆိုင်ဖွင့်ဖြစ်ပါတယ်။ အခုကျတော့ ကိုပြေတီဦးရဲ့ဝတ်စုံတွေ ချုပ်ပေးရတဲ့အခါကျတော့ အဲဒီပိုင်းမှာ အားနည်းသွားတာပေါ့။ ဘာလို့လဲဆိုတော့ သူ့အတွက်အစ်မက တစ်လလုံး ရိုက်တဲ့ဇာတ်ကားတွေကို စီစဉ်ရတယ်။ ကြော်ငြာအတွက် ဝတ်စုံစီစဉ်ရတယ်။ Wall Sheet ရိုက်ဖို့ ပြက္ခဒိန်အဲဒါတွေ အကုန်လုံးကို ဝတ်စုံတွေ ပင်တိုင် စီစဉ်ပေးရတာပေါ့။ အစ်မကဒီဇိုင်းကိုကြိုက်တဲ့ သရုပ်ဆောင်မင်းသားတွ ရှိရင်လည်း အစ်မအနေနဲ့ လက်ခံတာဝန်ယူပေးဖို့က လောလောဆယ်က အစ်မကိုယ်တိုင်က ကိုပြေတီဦးရဲ့ ဝတ်စုံဒီဇိုင်းကို ပင်တိုင်တာဝန်ယူထားရတော့ ကားတစ်ကားနဲ့ တစ်ကား ဟတဲ့အချိန်မှာကျတော့ အားနေတယ်။ အဲ့သည်လိုအချိန်မျိုးဆိုရင်တော့ ချုပ်ပေးပါတယ်။ ဒါပေမယ့် သူနဲ့တိုက်နေရင်တော့ သူ့ကိုပဲ ဦးစားပေးချုပ်သွားမှာပါ။

အစ်မနဲ့စပြီး ဝတ်စုံတွေစီစဉ်ကြတော့ သူ့နာမည်စကြီးနေပြီ။ သူ့ကို တော်တော်များများ သတိထားမိပြီး အရှိန်လေးရလာတော့ သူလည်း သူ့နာမည်လေးကို တန်ဖိုးထားတဲ့ အခါကျတော့ ပရိသတ်ကိုလည်း လေးစားတယ် ဆိုတဲ့သဘောပေါ့။ ဝတ်တာစားတာကအစ သူသေသေချာချာ လုပ်ချင်တယ် ဖန်တီးချင်တယ် ဆိုတာနဲ့ ပင်တိုင်ဒီဇိုင်နာအဖြစ် အစ်မနဲ့ အလုပ် လုပ်ဖြစ်သွားတောပေါ့။ နာမည်ကြီး အနုပညာရှင်နှစ်ဦးဖြစ်တဲ့ ကိုပြေတီဦးနဲ့အူဝဲ နှစ်ဦးအပေါ်မှာ အစ်မက သူတို့နှစ်ယောက်လုံးက ကိုယ့်မောင်နှမတွေလိုပဲ ချစ်လည်းချစ်တယ်။ ကိုပြေတီဦးဆိုရင်လည်း အရမ်း စိတ်ထား အေးချမ်းတယ်၊ ညီအစ်ကို မောင်နှမတွေလိုပဲ ချစ်လဲချစ်တယ်။ ကိုပြေတီဆိုရင်လည်း အရမ်း စိတ်ထားအေးချမ်းတယ်။ ညီအစ်ကို မောင်နှမတွေလိုပဲ။ အူဝဲဆိုရင်လည်း စိတ်ထားကောင်းတယ်၊ သဘောကောင်းတယ်။ သူတို့နှစ်ယောက်ကို ကြည့်ရတာနဲ့ကို စိတ်ချမ်းသာတယ်။ အခုဆိုရင် မတ်လမှာ ပြင်ဦးလွင်ကို ကားရိုက်သွားရမယ်။ လေးလပိုင်းလောက်ထိပေါ့။ ဒါကနှစ်တိုင်းပါပဲ။ အဲဒီအခါမျိုးဆိုရင် အစ်မက တောက်လျှောက် တစ်လလုံး လိုအပ်ရင် လိုအပ်သလိုမျိုး အစ်မက ရန်ကုန်ကနေ ဝတ်စုံတွေ လှမ်းပို့ပေးရတယ်။ မင်းသားတစ်ယောက် အောင်မြင်ဖို့အတွက် သူ့ရဲ့အနုပညာအပြင် ဖက်ရှင်ဒီဇိုင်းအပေါ်မှာလည်း မူတည်လာပါပြီ။ အခုခေတ် ပရိသတ်ကဖက်ရှင် Style ကိုလည်း ဂရုစိုက်ကြည့်လာကြပြီ။ ဒါက မင်းသားအပေါ်မှာတော့ အများကြီး မူတည်တာပေါ့။ ဒီဇိုင်နာတွေက ဘေးနားမှာ Support လုပ်ပေးရုံပေါ့နော်။ အဓိက,ကတော့ သူရဲ့အနုပညာက အဓိကပါ။ အင်္ကျီကြီး ဘယ်လောက်ပျံလန်နေပစေ၊ ကောင်းအောင်လို့ ဝတ်နိုင်ပါစေ သူ့အနုပညာ အရည်အသွေး မရှိဘူးဆိုရင် အောင်မြင်လာမှာမဟုတ်ဘူး။ သူဘာသာ အောင်မြင်လာတာပါ။ အစ်မတို့က ဘေးက ပံ့ပိုးပေးရုံပါ။

ဒီဇိုင်းတွေလေ့လာတဲ့အခါမှာလည်း ကိုပြေတီဦးဆိုရင် အရမ်း fancy နဲ့ မလိုက်ဘူး။ ဘာလို့လဲဆိုတော့ သူ့ရုပ်က နည်းနည်းငြိမ်တယ်။ လူကြီးလူကောင်းဆန်တဲ့ပုံပေါ့နော်။ အဲ့ဒီလိုဆိုတော့ အင်တာနက်မှာလေ့လာရ အင်္ဂလိပ်ကား တွေကြည့်ရတယ်။ အင်္ကျီ Website တွေကို လေ့လာရတယ်။ သူနဲ့ အသက်တူပြင်ပက အသက်အရွယ်ပိုင်း၊ လူလတ်ပိုင်းကို အစ်မကြည့်ရတယ်။ လူငယ်နဲ့လူလတ်ပိုင်းကြားကို ပိုသတိထားကြည့်ရတယ်။ အဲလိုဆို ဘာတွေ ခေတ်စားလဲ၊ ပန်းထိုး တာခေတ်စားနေရင် အစ်မကပန်းထိုးတဲ့ဒီဇိုင်းကိုရှာရတာပေါ့။ အဲဒါကိုမှ ယောက်ျားလေးနဲ့ လိုက်တဲ့ဒီဇိုင်းကို ရှာရတယ်။ ပြီးမှ ပန်းထိုးတယ်။ ပန်းထိုးတဲ့ဒီဇိုင်းမဟုတ်တဲ့ ဒီဇိုင်းယူမယ်ဆိုရင် ပိတ်စတွေကို အစွေအစောင်းယူရတယ်။ အဲဒီအပေါ်မှာမှ ဘယ်လိုဒီဇိုင်းထွင်ရမလဲဆိုပြီး စဉ်းစားရတာပေါ့နော်။

အစ်မရဲ့ဒီဇိုင်းတွေကို ကြိုက်တဲ့ အနုပညာလောကက မဟုတ်တဲ့သူတွေ ဆိုရင်တော့ အပြင်အမျိုးသားကိုတော့ အင်္ကျီချုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ယောက်ျားလေးဆို ကိုပြေတီတစ်ဦးတည်းပဲ အစ်မချုပ်ပါတယ်။ အပြင်ကနေ အပ်ချင်ကြတဲ့ သူတွေတော့ ရှိပါတယ်။ သူဝတ်လိုက်လို့ ပေါက်သွားတဲ့ဒီဇိုင်းမျိုးဆို အပ်ချင်ကြတယ်။ လက်မခံဘူးဆိုတာ တခြားကြောင့် မဟုတ်ပါဘူး။ အချိန်မရှိလို့က အဓိကပါ။ တစ်လတစ်လကို သူ့အတွက်အလျင်မီအောင် ဒီဇိုင်းတွေလုပ်ပေးနေရတဲ့ အတွက် အချိန်မရှိတာကြောင့်ပါ။

အမျိုးသမီးအင်္ကျီလေးတွေဆို အစ်မချုပ်ရင် ယဉ်ယဉ်လေးနဲ့ လှတယ်လို့ လူသိများတာကလည်း အဲဒီအပေါ်မှာ ဒီအလုပ်ကတော့ အစ်မရဲ့ မူရင်းအလုပ်လဲဖြစ်နေတယ်။ ဒီအလုပ်ကို အစ်မကလည်း မြတ်နိုးပါတယ်။ ကိုယ့်ရဲ့ Customers တွေကပဲ (၁ဝ)နှစ်၊ (၁၃)နှစ်လောက် ရှိပြီ။ အဲဒီသူတွေကိုလည်း အစ်မက အခုထိချုပ်ပေးတုန်းပဲ။ မိန်းကလေး ဝတ်စုံတွေအတွက် အသစ်လာတယ် ဆိုရင်လည်း ချုပ်ပေးပါတယ်။ မိန်းကလေးကတော့ လက်ခံဖြစ်ပါတယ်။ မျိုးဆက်သစ် သင်တန်းသူတွေထားဖို့က အစ်မမှာ အချိန်မရှိဘူး ဖြစ်နေတယ်။ အစ်မလည်း မျက်နှာပူရတယ်။ အစ်မမှာလည်း အဲဒီကိစ္စကို ဖြေရှင်းနေရတယ်။ သင်တန်းသင်တန်း ဆိုပြီး လုပ်လဲလုပ်ချင်တယ်။ အချိန်မရှိတာကြောင့် တစ်ခါတလေ ကိုပြေတီဦးအတွက် ဒီဇိုင်းကို ဘန်ကောက်မှာ ဈေးဝယ်ရတဲ့အခါလည်း ရှိတယ်။ နှစ်လတစ်ခါလောက်ကို သွားနေရတာ။ အစ်မမှာ သင်တန်းဆိုပြီး မလုပ်ဖြစ်တာပါ။ အနုပညာရှင်များ အတွက်သာမက မည်သူမဆို အဝတ်အစား ဆင်ယင်တတ်ဖြင်းဖြင့် ကိုယ့်ကိုကိုယ်ယုံကြည်မှု တည်ဆောက်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။

 

 

Author:SKB

Source : Snapshot-News

 

 


blog comments powered by Disqus