YuZaNa,Chaw Yadanar, Ye Tite

ကိုယ်ပိုင်သံစဉ် စီးရီးသစ် စီစဉ်နေတဲ့ ယုဇန

သြစတြေးလျမှာ ခင်ပွန်း ဖြစ်သူနဲ့ နေထိုင်ရင်း တစ်ကိုယ်တော် စီးရီးသစ် ထွက်ဖို့ ယုဇနက ပြင်ဆင်နေပါတယ်။ ကိုယ်ပိုင် သံစဉ်တွေချည်း သီးသန့် လုပ်မှာဖြစ်ပြီး တစ်ခွေလုံး အတွက် သီချင်းတွေကို ယုဇနကိုယ်တိုင် ရေးသားမှာပါ။ ခင်ပွန်းဖြစ်သူ သိန်းထိုက်အောင်က ကီးဘုတ်တီးပြီး သံစဉ် ရှာပေးတာကို ယုဇနက စာသား ထည့်ရေးတာ အကြမ်း အနေနဲ့ ၇ ပုဒ်ပြီးသွားပြီလို့ သိရပါတယ်။


သြစတြေးလျမှာ အသံသွင်းလို့ အဆင်ပြေရင် မြန်မာပြည် ပြန်မလာဘဲ အသံသွင်းမှာ ဖြစ်ပြီး အဆင် မပြေရင်တော့ မြန်မာပြည်ကို ပြန်လာပြီး စီးရီးကိစ္စ စီစဉ်မှာပါ။ ယုဇနရဲ့ တစ်ကိုယ်တော် စီးရီးသစ်မှာ ခင်ပွန်း ဖြစ်သူရဲ့ တီးခတ်မှုလည်း ပါဝင်မှာမို့ ဒီစီးရီးက သူတို့ မောင်နှံပဲ စီစဉ်ဖန်တီးတယ် ဆိုတာမျိုး ဖြစ်အောင် စီစဉ် ထားတယ်လို့ သိရပါတယ်။ လောလောဆယ်မှာ ယုဇန ရေးထားတဲ့ သီချင်းတွေက အလွမ်း သီချင်းတွေပဲ ဖြစ်နေပြီး ဇနီးမောင်နှံနဲ့ ပတ်သက်တဲ့ သီချင်း မပါသေး တာကြောင့် ရေးဖို့ စီစဉ်ဦးမှာပါ။ အချစ်ဆူး စီးရီး ထွက်ထားတဲ့ ယုဇနက “အရင်တုန်းက သီချင်းတွေ ဆိုတာ မနားဘဲ ဆိုတာ၊ အသံကလည်း အရမ်းစူးတယ်။
အခုနားပြီးမှ ပြန်ဆိုတာ အသံကမစူးတော့ဘူး။

အရင်တုန်းက စီးရီးတွေ သွင်းခဲ့တုန်းက စိတ်တိုင်းကျတဲ့ သီချင်းတွေ နည်းတယ်နောက် အဲဒီလို မဖြစ်အောင် ဆင်ခြင်ရမှာပေါ့”လို့ ပြောပြပါသေးတယ်။ ယုဇနက သြစတြေးလျကို ဧပြီလ ကုန်မှာ ပြန်တော့မှာ ဖြစ်ပြီး မေလမှာ ချစ်ကောင်း၊ စိုင်းစိုင်းခမ်းလှိုင် ချမ်းချမ်းတို့နဲ့ သြစတြေးလျမှာပဲ သီချင်းတွေ ဆိုဖို့ စီစဉ် ထားပါတယ်။ ယုဇနက သားသမီး မယူသေးဘဲ နှစ်ယောက်တည်းပဲ နေဦးမယ်လို့ ပြောပြခဲ့ပါသေးတယ်။



အမုန်းမီးတောက်
ဟာသရုပ်ရှင် ဇာတ်ကားတွေ ရိုက်ကူးချိန်မှာ မင်းရုပ်ရှင် ထုတ်လုပ်ရေးက ပွဲဦးထွက် ရုပ်ရှင်ကို ဒရမ်မာ ဇာတ်ကားအဖြစ် ရိုက်ကူး လာပါတယ်။ ချမ်းသာ(ရွှေမန်းသဘင်) ရဲ့ ဇာတ်လမ်းကို မြင့်ဦးဦးမြင့် ဇာတ်ညွှန်းရေးတဲ့ အမုန်းမီးတောက် ရုပ်ရှင် ဇာတ်ကားကို ဒါရိုက်တာ ကျော်ဇက ရိုက်ကူးနေတာ ဖြစ်ပါတယ်။ အညှိုးအတေး၊ အာဃာတ တွေကြောင့် မိသားစု နှစ်စု ပြဿနာတွေ ကြုံတွေ့ရမှုကို အမုန်းမီးတောက် ရုပ်ရှင်ဇာတ်ကားမှာ မြင်တွေ့ရမှာပါ။ ဒီဇာတ်ကားရဲ့ ဇာတ်ရှိန်မြင့်တဲ့ ဇာတ်ဝင်ခန်း ဖြစ်တဲ့ ဇာတ်ဝင်ခန်းကို ရွှေတိဂုံဘုရား မြောက်ဘက်မုခ်မှာ ရိုက်ကူး ထားပါတယ်။ ထောင်ကထွက်လာတဲ့ မေသန်းနုကို ဘုရား လိုက်ပို့ကြတဲ့ ခန့်စည်သူတို့ မိသားစုနဲ့ ခန့်စည်သူရဲ့ ငယ်ချစ်ဟောင်းတို့ မိသားစုကြောင့် လူသတ်ပြီး ထောင်ကျခဲ့ရတဲ့ မေသန်းနုက အခဲမကျေ ဖြစ်တဲ့ ဇာတ်ဝင်ခန်းကို ရိုက်ကူးတာပါ။ အမုန်းမီးတောက် ရုပ်ရှင် ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်တဲ့ စိုးမြတ်သူဇာက အာဃာတ၊ အမုန်း၊ မယုံကြည်မှုတွေကြား မနေချင်တာကြောင့် နောက်ဆုံးမှာ သီလရှင် ၀တ်မှာပါ။

သီလရှင် ၀တ်တဲ့ ဇာတ်ဝင်ခန်း အတွက် တကယ့်ကို သီလရှင် ၀တ်တာပါ။ ဇာတ်ဝင်ခန်း အတွက် သီလရှင်ဝတ်ပြီး သင်္ကြန်တွင်း ၇ ရက် သီလရှင် ၀တ်တဲ့ စိုးမြတ်သူဇာက သီလရှင်ထွက် ကတုံး ဆံပင်နဲ့ လိုက်ဖက်တဲ့ ဇာတ်ကားတွေ ရွေးချယ် ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ အမုန်းမီးတောက် ရုပ်ရှင် ဇာတ်ကားမှာ ခန့်စည်သူ၊ ဟိန်းဝေယံ၊ စွမ်း၊ မင်းရာဇာ၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ မြတ်ကေသီအောင်၊ ချိုပြုံး၊ မေသက်ခိုင်၊ စိုးပြည့်သဇင် စတဲ့ သရုပ်ဆောင်များ ပါဝင် သရုပ်ဆောင် ထားကြပါတယ်။ 



ဒါရိုက်တာညွန့်မြန်မာညီညီအောင် ရိုက်တဲ့ ကွာစိချစ်သူများ
ရဲကျော်သူ ရုပ်ရှင် ဗီဒီယို ထုတ်လုပ်ရေး အတွက် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ကွာစိ ချစ်သူများ(ယာယီ)လို့ ပေးထားတဲ့ အဆင့်မြင့်  DVD ဇာတ်ကားကို ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားက မောင်မောင်လွင်ရဲ့ဇာတ်လမ်းကို နေစိုးသော်က ဇာတ်ညွှန်း ရေးပေးထားတာပါ။ ကွာစိ ချစ်သူများ ဇာတ်ကားမှာ ရန်အောင်၊ စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းအိန္ဒြာဗို၊ မယ်လိုဒီ၊ ညိုလင်းထက်နဲ့ အခြားဇာတ်ပို့ သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင် ထားကြပါတယ်။ ရန်အောင်က မိဘ ပေးစားတဲ့ သူနဲ့ ယူဖြစ်ခဲ့ပေမယ့် စိတ်သဘောထားချင်း မတိုက်ဆိုင်တာကြောင့် လင်မယား ကွဲပြီးတဲ့နောက်ပိုင်း လင်မယား ကွာရှင်းတဲ့ ကိစ္စတွေကိုသာ အဓိက ဆောင်ရွက်ပေးနေတဲ့ ရှေ့နေအဖြစ် သရုပ်ဆောင် ထားပြီး စိုင်းစိုင်းက အချစ် ကျမ်းကျေသူ မယ်လိုဒီရဲ့ချစ်သူအဖြစ် သရုပ်ဆောင် ထားပါတယ်။ ထွန်းအိန္ဒြာဗိုကတော့ နားလေးနေတဲ့ စာရေးဆရာမအဖြစ် သရုပ်ဆောင် ထားတာပါ။ ကွာစိချစ်သူများ ဇာတ်ကားမှာ ရှေ့နေနဲ့ လိုက်ဖက်တဲ့ ရန်အောင်ကို သရုပ်ဆောင်စေပြီး ရန်အောင်ကြောင့် ဇာတ်လမ်းကို အများကြီး ပံ့ပိုး ပေးနိုင်တာဖြစ်တဲ့ အတွက် ရန်အောင်နဲ့ ရိုက်ဖြစ်တယ်လို့ သိရပါတယ်။ ဒီဇာတ်ကားက ဟာသကားလို့ ပြောလို့ရပေမယ့် ပျော်နေမှ လှုပ်နေမှ ဟာသကား ဖြစ်လာမှာ မဟုတ်ဘဲ သရုပ်ဆောင်တွေ ငိုနေပေမယ့်လည်း ပရိသတ်တွေက ရယ်ဖို့ဖြစ်မှာဖြစ်ကြောင်း၊ သရုပ်ဆောင်မှု အပိုင်း စကားလုံးများနဲ့ပါ ရယ်ရစေဖို့ ဖန်တီးထားကြောင်း ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က ဆိုပါတယ်။



တန်းစီးခင်စိန်ဖြစ်သွားတဲ့ ချောရတနာ
မို့မို့မြင့်အောင်ကို အထူး သရုပ်ဆောင် စေမှုနဲ့ ဒါရိုက်တာ အောင်ဆွေမြန်မာက တန်းစီးခင်စိန် အမည်နဲ့ ဗီဒီယို ဇာတ်ကားများ ရိုက်ကူး ပေးခဲ့ပြီး ၄ ကား ထွက်ရှိထားတာ ဖြစ်ပါတယ်။ တန်းစီး ခင်စိန် ဇာတ်ကောင် နေရာကနေ မို့မို့မြင့်အောင် နားပြီးသွားတဲ့ အခါ ဒါရိုက်တာ အောင်ဆွေမြန်မာက တန်းစီးခင်စိန်ကို ဆက်လက် ပုံဖော်ချင်တာကြောင့် တန်းစီး ခင်စိန်နေရာမှာ ချောရတနာကို သရုပ်ဆောင် စေခဲ့ပါတယ်။ ၅ ကားမြောက် ရိုက်ကူးတဲ့ တန်းစီးခင်စိန် ဇာတ်ကားကို တန်းစီးခင်စိန်နဲ့ ယောပြန်ဘရှိန်းလို့ ပေးထားပြီး စည်သူမောင်၊ ချောရတနာ၊ ကေကေမိုးမြင့်၊ လ၀န်းအိမ်၊ မေမီမြတ်မိုးမောင်၊ ကြယ်စင်စိုးစံ၊  ချယ်ရီမောင်၊ ခင်သီတာခိုင်၊ ငေါ်ကြီး၊ ဘုန်းကြီး၊ ဘုန်းမြင့်၊ သုခနဲ့ လူကြမ်းပေါင်းစုံ ပါဝင် သရုပ်ဆောင် ထားပါတယ်။

မေတ္တာဖွဲ့၊ လှုပ်ရှားမှု အသားပေး ဇာတ်ကားတစ်ကား ဖြစ်ပြီး ဆုဗီဒီယို ထုတ်လုပ်ရေး အတွက် ရိုက်ကူးတာဖြစ်ပါတယ်။ ထောင်ကို ၀င်လိုက်ထွက်လိုက် လုပ်နေတဲ့ ခင်စိန်တစ်ယောက် တန်းစီး ခင်စိန်နဲ့ ယောပြန်ဘရှိန်း ဇာတ်ကားမှာတော့ ထောင်ထဲက ထွက်လာပါပြီ။ ထောင်က ထွက်တယ် ဆိုပေမယ့် သွားစရာ လမ်းမရှိ၊ နေစရာ အိမ်မရှိ၊ အပေါင်းအသင်းက ထောင်ထဲမှာပဲ ရှိတာကြောင့် ဘယ်သွားရမှန်း မသိဖြစ်နေတဲ့ မခင်စိန် စားသောက်ဆိုင် တစ်ဆိုင်မှာ စားပွဲထိုး အလုပ်ဝင် လုပ်ဖြစ်ပါတယ်။

ထောင်ထွက်ဆိုတဲ့ နာမည်ဆိုး ရှိတာကြောင့် အထင်သေး နှိမ့်ချခံရတဲ့ ခင်စိန်တစ်ယောက် အိမ်ပြေးမလေး သုံးယောက်နဲ့ ဆုံဖြစ်ကြ ပါသေးတယ်။ မိန်းကလေး သုံးယောက်နဲ့ “ရှေ့ဆက်ရင်း မျက်လှည့်ဆရာဟောင်း ယောပြန်ဘရှိန်းနဲ့ တွေ့ဆုံမှုကိုလည်း တန်းစီး ခင်စိန်နဲ့ ယောပြန် ဘရှိန်းမှာ ဒါရိုက်တာ အောင်ဆွေမြန်မာက ထည့်သွင်း ရိုက်ကူး ထားပါသေးတယ်။ တန်းစီးခင်စိန်-၆ ကို ဆက်လက် ရိုက်ကူးဖို့ ဒါရိုက်တာ အောင်ဆွေမြန်မာက စီစဉ်ထားကြောင်း သိရပါတယ်။



Emergency Shelter တစ်ခု ဖွင့်လှစ်ဖို့ စီစဉ်နေတဲ့ ရဲတိုက်
ရဲတိုက် ဖောင်ဒေးရှင်း အဖြစ် ထူထောင်ထားတဲ့ ရဲတိုက်က လေလွင့်ကလေး သူငယ်များ အတွက် Emergency Shelter  တစ်ခု ဖွင့်လှစ်ဖို့ အတွက် စီစဉ် နေပါတယ်။ ရဲတိုက်က Emergency Shelter အတွက် လိုအပ်တဲ့ စေတနာ့ ၀န်ထမ်းများနဲ့ အဆောက်အအုံ ဆောက်လုပ်ရန် မြေနေရာတို့ကို ဖြည်းဖြည်းချင်း ကြိုးစားပြီး ပြင်ဆင် နေတယ်လို့ သိရပါတယ်။ ရဲတိုက်က ဒီလို Emergency Shelter တစ်ခု ဖွင့်လှစ်ချင်တဲ့ သူ့ရဲ့စိတ်ကူးကို အခုလို ပြောပြခဲ့ရာ “ဒါက ဒီလိုပါ။ လမ်းပေါ်မှာရှိတဲ့ ကလေးတွေနဲ့ ကျွန်တော် တွေ့ပြီး စကားပြောတယ်။ သူတို့မှာ ခိုလှုံရာ တစ်ခုရှိတာကို သိရတယ်။ အဲဒီ နေရာကို သွားခဲ့တယ်။ အဲဒါက ကြည့်မြင်တိုင်မှာ ရှိတယ်။ အဲဒီမှာ ကလေးတွေလည်း တကယ် ပျော်နေတယ်။ နောက်သူတို့ရဲ့  System  ရယ်၊ ရည်ရွယ်ချက်ရယ်က ကျွန်တော်နဲ့ တစ်ထပ်တည်း ကျနေတယ်။ အဲဒါကြောင့် ဒီလို လုပ်ချင်သွားတာပါ”လို့ ဆိုပါတယ်။

Emergency Shelter ဆိုတာ လမ်းပေါ်မှာ ရှိတဲ့ ကလေး သူငယ်များ အနေနဲ့ ခဏတာ ၀င်ရောက် နားခိုနိုင်မှာ ဖြစ်ပြီး သူတို့ရဲ့ဘ၀ တိုးတက်မှု အတွက် အသိပညာတွေ ဝေမျှပေးမယ့် နေရာ တစ်ခုပါလို့လည်း ရဲတိုက်က ဆက်ပြီး ပြောပြခဲ့ပါတယ်။ နောက်ပိုင်း မျိုးဆက်သစ် လူငယ်များရော အနုပညာရှင်များပါ ပရဟိတ လုပ်ငန်းများကို စိတ်ဝင်တစား လုပ်ကိုင် လာကြတဲ့ အပေါ်မှာ ဒီထက်ပို များများ လုပ်နိုင်ရင် ပိုကောင်းမှာ ပါလို့လည်း ရဲတိုက်ရဲ့ ရင်ထဲက ဆန္ဒ တစ်ခုကို သိခဲ့ရပါတယ်။

ရဲတိုက်က လတ်တလောမှာ ဗီဒီယို ဇာတ်ကားတွေပဲ ရိုက်ဖြစ် နေသလို၂၀၁၁ ခုနှစ် နှစ်သစ်ကူး သင်္ကြန်ကိုတော့ ခရီးတွေ ထွက်ရင်း ဖြတ်သန်း သွားမှာပါ။ သင်္ကြန်ကို မပျော်တတ်သူ မဟုတ်ပေမယ့် လူတွေ အများကြီးနဲ့ နေတဲ့အခါ ကိုယ့်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်မှာကို စိုးရိမ်တတ် သူလည်း ဖြစ်ပါတယ်။ ရဲတိုက် ရင်ထဲက သင်္ကြန်နဲ့ ပတ်သက်တဲ့ ခံစားချက်ကတော့ “ဒီပွဲတော်က လူတွေ အများကြီး ပျော်ကြတဲ့ ပွဲဆိုတော့ အင်မတန် မင်္ဂလာရှိပြီး အင်မတန် ထူးမြတ်တဲ့ ပွဲပါ။ နှစ်သစ်ကူးလည်း ဖြစ်တယ်။ နှစ်ဟောင်း တစ်ခုက နှစ်သစ် တစ်ခုကို ကူးတာပေါ့နော်။ အဲဒီအတွက် စိတ်ထဲမှာ တစ်စုံတစ်ရာ ခံစားရပါတယ်”လို့ ပြောပြခဲ့ပါတယ်။



မာရဇ္ဇရဲ့ အစဉ်အလာဖြစ်ခြင်း
မာရဇ္ဇက သမီးဖြစ်သူ လုလု ညီဖြစ်သူ မင်းယုတို့နဲ့  အစဉ်အလာ ဖြစ်ခြင်း ဆိုတဲ့ စီးရီးသစ်ကို မေလမှာ ထွက်ဖို့ စီစဉ် ထားပါတယ်။ မင်းယု လင်းမောင်မောင်တို့ ရေးတဲ့ သီချင်းများ ပါဝင်မှာ ဖြစ်ပြီး မာရဇ္ဇကိုယ်တိုင် ရေးထားတဲ့ သီချင်းတွေလည်း ပါဝင်မှာပါ။ Metal Zone တေးဂီတ အဖွဲ့ရဲ့ တီးခတ်မှုနဲ့ စီစဉ်ထားတဲ့ အစဉ်အလာ ဖြစ်ခြင်း စီးရီးမှာ ကိုယ်ပိုင်သံစဉ် သီချင်းတွေချည်းပဲ ပါဝင်မှာ ဖြစ်ပါတယ်။

“တော်လေး၀၀င် မိန်းမသားတွေက တကယ်ကို ရိုးရိုးသားသား တည်တည်တံ့တံ့နဲ့ နေချင်တယ်၊ ဒါပေမဲ့ ကောင်လေး တစ်ယောက်ရဲ့ မျက်လုံး အကြည့်တစ်ချက်မှာ အဲဒီ အစဉ်အလာကြီး တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ရတယ် ဆိုတာကို အချစ်သီချင်း ရိုးရိုးလေး ရေးလိုက်တာပါ။ အဲဒီခေါင်းစဉ်ကို ပေးလိုက်တာ ဆိုပေမယ့် လက်ရှိ မြန်မာပြည်မှာ ဖြစ်နေတဲ့ သမားရိုးကျ ဟောင်းနွမ်းနေတဲ့ အစဉ်အလာ၊ အယူအဆတွေ သီချင်းဆို ချိုမှဆိုတဲ့ ဟာမျိုးတွေ၊ အဲဒီ အစဉ်အလာတွေကို ကျွန်တော်က ချိုးဖျက်ချင်တာ။  အဲဒီ ရည်ရွယ်ချက်နဲ့ စီးရီးခေါင်းစဉ်ကို အစဉ်အလာ ဖြစ်ခြင်းလို့ ပေးတာလို့ မာရဇ္ဇက စီးရီးခေါင်းစဉ် ပေးရခြင်းနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။ အစဉ်အလာ ဖြစ်ခြင်း စီးရီးကို The Sun တေး ထုတ်လုပ်ရေးကနေ မေလဆန်းမှာ ဖြန့်ချိပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

 

လင်းနိုင်ဦး၊ ခင်လေးမြင့်  ၀တ်ရည်ပြည့်စုံတို့ စုစည်း တင်ပြသည်။
Source : Shweamyutay

 

 

 


blog comments powered by Disqus