ရတီမေတို့ရေ ရာသီတစ်လှည့်ပြောင်းလို့ ဆောင်းကို ရောက်လာပြန်ပြီနော်။ ဒီတော့ ဒီတစ် လမှာ ဆောင်းတွင်းမှာ သိသင့်တဲ့ အလှအပရေးရာလေးတွေကို ပြောပြ ပေးပါမယ်။ တို့တစ်တွေ အားလုံး ဒီရာသီမှာ တွေ့ ကြုံရလေ့ရှိတာကတော့ အသားအရေနဲ့ ပတ်သက်တဲ့ပြဿနာဖြစ်ပါတယ်။ တစ်နေကုန် အပူချိန်အပြောင်း အလဲ ကတော့ ကိုယ်နေထိုင်တဲ့ ဒေသအလိုက် မတူညီနိုင်ပေမယ့် မြေပြန့်ပိုင်းမှာတော့ ဆောင်းဆိုရင် မနက်ခင်းနဲ့ ညနေခင်းနဲ့ ညတွေမှာ အေးလာပြီး နေ့လယ်ခင်းမှာတော့ အပူချိန်အလွန်ပြင်း ပါတယ်။
အသားအရေက အပူချိန်ကြောင့်ရော၊ အအေး ကြောင့်ပါ ပျက်စီးဖို့ပိုများပါ တယ်။ ဒါပေမဲ့ ဆောင်း တွင်းမှာက ကုတ်အင်္ကျီ လှလှလေးတွေ၊ ဘောင်းဘီ ရှည်လှလှလေးတွေ၊ ဦးထုပ်နဲ့ပဝါ၊ မာဖလာတွေမျိုးစုံနဲ့ရှိုးထုတ် လို့ကောင်းတဲ့ ရာသီလည်းဖြစ်နေ ပြန်ပါတယ်။ ဒါကြောင့် ပျိုမေတို့ လှဖို့ ဘယ်လို အချက်လေးတွေကို ဂရုစိုက်သင့်တယ်ဆိုတာ လေ့ လာကြည့်ရအောင် နော်။
အသားအရေ
ဆောင်းတွင်းမှာ အသားပတ်တဲ့အခါ မရှောင် မလွှဲနိုင် လောက် အောင် ယားယံတတ်ပါတယ်။ ရာသီပြောင်းပြီဆိုတော့ အလှကုန် အမျိုးအစား တွေကိုလည်း ပြောင်း သုံးရမယ့် အချိန်ဖြစ်ပါ တယ်။ ဒါတင်မက ဗီတာမင်စီနဲ့ ဗီတာမင်အီး ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို စားသုံးရမှာဖြစ်ပါတယ်။ Vitamin A, K. ပါတဲ့ အစားအသောက်တွေကိုလည်း စားပေးနိုင်ပါ တယ်။ အသားအရေအတွက် ဘယ်ခရင်မ်က တည့်မှန်းမသိရင်တော့ သံလွင်ဆီကို လိမ်းပေးနိုင် ပါတယ်။ နေ့လယ်ခင်း မှာတော့ နေပူရှိန်မြင့်တာ ကြောင့် နေလောင်ခံခရင်မ်ကို လိမ်းသင့်ပါတယ်။ ရွှံ့နဲ့လုပ်ထားတဲ့ မျက်နှာပေါင်းတင် ကပ်ခွာတွေ ကိုလည်း ဆောင်းတွင်းမှာ အသုံးပြု နိုင် ပါတယ်။ ထောပတ်သီးမှည့်ကိုခြေပြီး မျက်နှာမှာပေါင်းတင် ပေးလို့ လည်း ရပါတယ်။ Moisturizing cream တွေကို အသားအရေအတွက် လူးပေးနိုင် ပြီး မျက်နှာ အတွက်လည်း အစိုဓာတ်ပါဝင်တဲ့ ခရင်မ် နဲ့ မိတ်ကပ် တွေ ပြောင်းသုံးသင့်ပါတယ်။ ခရင်မ်ကို မျက်နှာမှာလူးမယ်ဆိုရင် တော့ မျက်နှာသစ်ပြီးစမှာ ရေကိုခြောက်အောင် မသုတ်ဘဲ ခရင်မ် ကို လိမ်းလိုက်တာ ဒီရာသီအတွက် အကောင်းဆုံးပါပဲ။ မျက်နှာ တင်မက ခြေ၊ လက်၊ တံတောင်၊ ဒူးအားလုံးကို အစိုဓာတ် ပါတဲ့ခရင်မ် ဒါမှမဟုတ် သံလွင်ဆီ လိမ်းထားနိုင်ပါတယ်။ သံလွင် ဆီမရရင် အုန်းဆီကိုလည်း အစားထိုးသုံးနိုင်ပါတယ်။
Body Scrub
ခန္ဓာကိုယ်ရဲ့အရေပြားပေါ်မှာ ဆဲလ်သေတွေလည်း ဒီရာသီမှာအမြောက်အမြား ရှိနေတတ်လို့ ကြေးချွတ်ဖို့လည်း မမေ့ပါနဲ့။ အိမ်မှာတင်Body Scrubလုပ်နိုင်ပါတယ်။ ဆိုင်တွေမှာလည်းမိမိကိုယ်တိုင် Body Scrub လုပ်နိုင်တာတွေရောင်းချနေပြီဖြစ်တာကြောင့် ဝယ်သုံးနိုင်သလို မိမိဘာသာလည်း အိမ်မှာ ပြုလုပ်နိုင်ပါတယ်။ Body Scrub ပြုလုပ်နည်းကတော့ အမျိုးမျိုးရှိပေမယ့်ဒီရာသီအတွက်ဆိုရင် သံပရာ ဒါမှမဟုတ် လိမ္မော်သီးစတဲ့ ဗီတာမင်စီ ကြွယ်ဝတဲ့ သစ်သီး တစ်မျိုးမျိုးကို အရည် ညှစ်ယူပြီး ပင်လယ်ဆားနဲ့ နယ်ကာရေမချိုးခင်တစ်ကိုယ်လုံးကို ပွတ်တိုက်ပေးမယ်ဆိုရင် သွေးလည်ပတ်မှုကောင်းမွန်ပြီးအသားအရေကိုချောမွေ့စေပါတယ်။ AHA, Vitamins A, C & Eတို့ ပါဝင်တဲ့ ခရင်မ်တွေဟာလည်း နေရောင်ကြောင့် ပျက်စီးတဲ့အသားအရေတွေကို ကောင်းမွန်စေလို့ ရေချိုးပြီးတဲ့အခါ အဲဒီဓာတ် တွေပါတဲ့လိုးရှင်းတွေကို လိမ်းထားပေးနိုင်ပါတယ်။
နှုတ်ခမ်း
နှုတ်ခမ်းကွဲတဲ့အခါမှာလည်း သံလွင်ဆီကအသုံးတည့်တာ တွေ့ရပါလိမ့်မယ်။ နှုတ်ခမ်းအတွက် သီးသန့်ထုတ်ထားတဲ့အဆီကို ညအိပ်ရာမဝင်ခင် မှာဆိုးပြီး အိပ်ရင် လည်း နှုတ်ခမ်းကွဲခြင်းကကာကွယ်ပေးနိုင်ပါလိမ့်မယ်။ သွားတိုက်ချိန်မှာနှုတ်ခမ်းကိုလည်း အသာအယာတိုက်ပေးလိုက်မယ်ဆိုရင် နှုတ်ခမ်းထက်က ဆဲလ်သေတွေပါ ပါသွားပါလိမ့်မယ်။
ရေ
ရေကို အလုံအလောက်သောက်သုံးဖို့နဲ့အပြင်သွားရတာများမယ်ဆိုရင် ကိုယ်နဲ့တစ်ပါတည်း ရေဘူးလေး ဆောင်သွားတာအကောင်းဆုံးပါပဲ။ ရေချိုးတဲ့အခါမှာတော့ ပူလွန်းအေးလွန်းတဲ့ရေနဲ့ ရေမချိုးဖို့လည်းဂရုစိုက်ရပါမယ်။
အဝတ်အစား
အဝတ်အစားရွေးချယ်ရာမှာတော့ တချို့အနွေးထည်အစတွေက နွေးတယ်ထင်ရပေမယ့်လည်း ယားယံတဲ့အတွက် သက်သောင့်သက်သာ မရှိလို့ မဝတ်သင့်ပါဘူး။ ချမ်းလွန်းလို့ အဝတ်တွေ အထပ်ထပ်ဝတ်တဲ့အခါ ချည်ထည်နဲ့သိုးမွေးတွေ ချည်းပဲ မရွေးပါနဲ့။ သားရေနဲ့ နိုင်လွန်ကလည်း ဒီရာသီနဲ့အဆင်ပြေတဲ့ အ တွက်ဖြစ်ပါတယ်။ ချည်အနွေးထည်တွေကို နေ့စဉ်ရက်ဆက် ဝတ်တာမျိုးကိုလည်းရှောင်သင့်ပါတယ်။ ဗက်တီးရီးယားတွေ အင်္ကျီမှာကပ်ပြီး ယားယံနိုင်တဲ့ အတွက်ဖြစ်ပါတယ်။ ပိုလီအက်စတာ ဒါမှမဟုတ် ပိုလီပရိုပိုင်လင်းနဲ့ ပြုလုပ်ထားတဲ့အဝတ်တွေကတော့အသားအရေအတွက် ဆောင်းတွင်းမှာ အသင့်တော်ဆုံးပါပဲ။ နောက်ပြီး အပူချိန် ပြောင်းလာနဲ့အမျှ မိမိအဝတ်အစားတွေကို အထပ်ထပ်ဝတ်ထားရာကနေ အပေါ်က ထပ်ဝတ်ထားတဲ့ အဝတ်တွေကို ချွတ်သင့်ပါတယ်။
ဖိနပ်
ဆောင်းတွင်းမှာ ရွေးစရာဖိနပ်တွေက မျိုးစုံရှိပါတယ်။ မိမိစတိုင်နဲ့ လိုက်ဖက်ပြီး ခြေထောက် အလှကိုမပျက်စေမယ့်ဖိနပ်မျိုးကိုရွေးချယ်ဝယ်ရုံပါပဲ။ ခြေညှပ် ဖိ နပ် ကတော့ ခြေဆီထွက်တတ်သူတွေအတွက် အဆင်ပြေပေမယ့် အလွန်အေးတဲ့အချိန် မှာ ခြေကွဲလွယ်တဲ့သူဆိုရင်တော့ ဒီရာသီမှာ ခြေဆီထွက်လွယ်မယ့် ရှူးဖိနပ်လေး တွေပြောင်းစီးတာက ခြေထောက်ကို ထိခိုက်မှုအနည်းဆုံး ဖြစ်စေပြီးခြေကွဲခြင်းကနေ ကာကွယ်ပေးပါလိမ့်မယ်။
နေရောင်ကိုကာကွယ်
ဆံပင်ကို ကာကွယ်ဖို့အတွက် ဦးထုပ်နဲ့ ထီး၊ နေကာမျက်မှန်တွေကို မိမိအဝတ်အစားနဲ့ လိုက်ဖက်အောင် ဆင်ယင်နိုင်ပါတယ်။တကယ်လည်း မိမိ အရေပြား ကျန်းမာ ရေးအတွက် လိုအပ်တယ် ဆိုတာကို သိထားရပါမယ်။ အင်တာနက်နဲ့ မဂ္ဂဇင်းများကနေလည်းနာမည်ကြီးမင်းသမီးတွေရဲ့ ဆောင်းတွင်းစတိုင်ကိုလေ့လာပြီး ကိုယ့် စတိုင်၊ ကိုယ့်ရဲ့လုပ်ငန်းခွင်နဲ့ လိုက်ဖက်တာလေးတွေကို လေ့လာလို့ရပါတယ်။အထက်မှာဖော်ပြခဲ့တဲ့ ဆောင်းတွင်းအတွက် လေ့လာစရာ အလှအပ ရေးရာလေးတွေ ဒီတစ်လတော့ အတော်လေးစုံသွားပြီမို့ နောက်လမှာရတီချစ်တဲ့ ပျိုမေတို့အတွက် လွယ်ကူအဆင်ပြေတဲ့ လှပနည်းတွေကို ဖော်ပြမယ်ဆိုတာ စောင့်
မျှော်ကြပါဦးလို့စကားပါးရင်း ရတီပျိုမေတိုင်း လှပစိုပြည်ကြပါစေလို့….
Author : မာဦး
Source : Yatimagazine