အနုပညာရှင်တို့ရဲ့ ဖက်ရှင်နဲ့ စတိုင်လေးတွေကို ကြည့်ရင်းသူတို့ အချင်းချင်း မေးမြန်းဆွေးနွေးမှုတွေကို ဖတ်ရလို့ စိတ်ဝင်စားကြတဲ့ ရတီ ပရိသတ် တွေအတွက် တင်ဆက်လာတာဟာ အမှတ်စဉ်တွေပင်များနေပါပြီ၊ ယခုလမှာတော့ လူငယ်တွေရဲ့ အသည်းစွဲအဆိုတော်တွေ ဖြစ်ကြတဲ့ ရဲလေးနဲ့ အေသင်ချိုဆွေတို့ရဲ့ ချစ်စရာပုံရိပ်လေးများနဲ့ ဆွေးနွေးမှု စကားလေးတွေကို ကြည့်ခြင်းအားဖြင့် ပရိသတ်ရင်မှာ ကျေနပ်မှုတစ်ခုတော့ ဖြစ်စေမှာပါ။
ရဲလေး – အေသင် အစ်ကို့ဆီကို သီချင်းလုပ်ဖို့ ရောက်လာတာ သြရသဆီတစ်ဆင့် ရောက်လာတာနော်။
အေသင် – ဟုတ်တယ် အစ်ကို ညီမလေးအခွေလုပ်မယ်၊ သီချင်းအပ်ချင်တော့ ကိုရသ(သြရသ)က အစ်ကို့ကို ပြောတယ်။ ညီမကလည်း အစ်ကို့ ပရိ သတ်ဆိုတော့လေ။
ရဲလေး – ကျေးဇူးပဲ ညီမ၊ အမှန်တော့ အစ်ကိုကအတွဲခွေတွေကို ခဏနားထားတဲ့အချိန်၊ အစ်ကို့ရဲ့ တတိယကာရန်တောင် ဖောင်ဒေးရှင်းတွေတောင် စမချရသေးတဲ့အချိန်မှာ ညီမကရောက်လာတယ်။ ရေစက်ကြောင့် ထင်တယ်။ အေသင်နဲ့ အစ်ကိုဆိုဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်က တော်ရုံတန်ရုံ အသစ်စက်စက်မိန်းကလေးတွေနဲ့ သီချင်းဆိုတာ သိပ်မရှိဘူး။ နာမည်ရှိပြီးသား အဆိုတော်တွေနဲ့ပဲ duetဆိုတာများတယ်။ အသစ် စက်စက်ထဲကဆို အေသင်နဲ့က ပထမဆုံးပဲဖြစ်တယ်လို့ ပြောရမယ်။
အေသင် – ကျေးဇူးတင်ပါတယ်ကို ရဲလေး။ အဲဒီအချိန်တုန်းက အေသင်ရဲ့ အနုပညာနဲ့ပတ်သက်ပြီး အစ်ကိုရဲ့ ထင်မြင်ယူဆချက်ကို ပြောပြပေး ပါလား။
ရဲလေး – အဟဲ- အမှန်တိုင်းပြောရရင် အဲလောက်ထိဖြစ်လာမယ်လို့ မထင်ထားဘူး။ အစပိုင်းကပေါ့။ audio ထွက်တုန်းကတော့ အဲလောက် မဟုတ် သေးဘူး။ VCD ထွက်တော့မှပဲ တကယ့်သူ့ရဲ့ အောင်မြင်ချိန်ကိုရောက်သွားတယ်။ ဖြစ်ချိန် တန်သွားလို့ အရည်အချင်းရှိလို့ ထွက်လာတဲ့ အဆိုရှင် တစ်ယောက် လို့ သတ်မှတ်ပါတယ်။ အဲဒါအပြင် သူ့ရဲ့ကိုယ်ပိုင်ဟန် ကိုယ်ပိုင်စတိုင်လ် လေးတွေကို သတ်သတ်စီ တွေ့သွားတယ်။
အေသင် – ကိုရဲလေးပြောတာနဲ့ နည်းနည်းတောင်မြောက်လာသလိုပဲ၊ ကျေးဇူးတင်ပါတယ်အစ်ကို။
ရဲလေး- ရပါတယ်။ အေသင်ကို ဒီထက်ပိုပြီး ဂီတကို ထမ်းဆောင်လုပ်ကိုင်စေချင်ပါတယ်။ ပိုအောင်မြင်စေချင်ပါတယ်။ ဒါမှလည်း ကျွန် တော်တို့အား လုံး မြန်မာနိုင်ငံသားများအနေနဲ့ ဂီတအနုပညာကို ထိုးဖောက် နိုင်ပါလိမ့်မယ်။ အေသင်က အစ်ကိုလိုချင်တဲ့ပုံစံအထိ ရောက်အောင်ဆိုပေးနိုင်တဲ့ မိန်းကလေး တစ်ယောက်လို့ အစ်ကိုသတ်မှတ်ထားတယ်။ အစ်ကိုတို့ညီမ အခွေအတွက် သီချင်းလုပ်ကြတုန်းက တော်တော်ကြိုးစားတော့လေ။ ဒါနဲ့ အေသင်သီချင်းမဆိုခင်က အိပ်မက်က အဆိုတော်လား။ မင်းသမီးလား။
အေသင် – အမှန်မှာ ဒီအနုပညာ အလုပ်ကို စပြီးမလုပ်ခင်ကတည်းက ဒီဂီတကိုတကယ်ဖြစ်ချင်ပြီး တကယ်လေ့လာခဲ့တာ ဂီတပါ။ ဖြစ်လည်း ဖြစ်ချင် တယ်။ ဝါသနာလည်းပါတယ်။ သရုပ်ဆောင်အလုပ်ကလည်း အနုပညာအလုပ်ဆိုတော့ မေမေက လုပ်စေချင်တယ်။ အဆိုတော် လုပ်မယ်ဆိုရင် မင်း သမီးပါ လုပ်ရမယ်ဆိုတော့ သရုပ်ဆောင် လုပ်ဖြစ်သွားတာပါ။ ဒါနဲ့ အစ်ကိုရဲ့ ဘဝအိမ်မက်ကိုလည်း ပြောပေးပါလား။
ရဲလေး – အစ်ကို့ရဲ့အိပ်မက်ကတော့ အဆိုတော်ပေါ့။ အဆိုတော်ကို ပိုဖြစ်ချင်တယ်။ ဒါပေမဲ့လည်း တိုင်းပြည်စီးပွားရေးအရရော ခေတ်ရဲ့ရေစီး ကြောင်းအရရော ဒီအဆိုနဲ့အရုပ်နဲ့ တွဲလိုက်တဲ့သူက သူများထက်လည်း တစ်ပန်းသာတယ်။ လုပ်ရကိုင်ရတာလည်း အဆင်ပြေတယ်။ ဖျော်ဖြေမှု နှစ်မျိုးပေးလို့ရတဲ့အတွက် ကိုယ်တို့တွေက ဝါသနာအရရော စီးပွားရေးအရရော အခြေအနေအရရော အစ်ကိုတို့တွေက ရုပ်နဲ့အသံနဲ့တွဲ လုပ်ရတဲ့ အနု ပညာရှင်တွေလို သီးသန့်ကို ဖြစ်လာတယ်။ အသံပိုင်းနဲ့ ပတ်သက် ပြီး ညီမလေးက ဘယ်လို ထိန်းသိမ်း လေ့ကျင့်လဲ နေ့စဉ်ပေါ့။
အေသင် – အေသင်က မနက်မိုးလင်းရင် လေ့ကျင့်ခန်းလုပ်တယ် အသံလေ့ကျင့်မှုအနေနဲ့ သီချင်းတွေကိုများများ ဆိုပေးတယ်။ အဆီအဆိမ့် မစား ဘူး။ အချိုမစားဘူး။ ဒါနဲ့ ကိုရဲလေး ဇာတ်ကားတွေရိုက်ခဲ့ပြီး ပရိသတ်လည်း ကြိုက်နေမှဘာလို့ ဆက်မလုပ်တာလဲ။
ရဲလေး – လုပ်မှာပါ။ သရုပ်ဆောင် အလုပ်က အစ်ကိုခဏနားထားတယ်လို့ပဲ ပြောထားတာပါ။ မလုပ်ဘဲတော့ မနေပါဘူး။ အနုပညာသမားပဲ လုပ်ချင် တဲ့ ဆန္ဒတော့ရှိတာပေါ့၊ ပိုးကလည်းရှိနေတာပဲ၊ ပရိသတ်ကို ဘယ်လိုဖျော်ဖြေမှုတွေနဲ့ မက်ဆေ့ခ်ျတွေပေးရမလဲ အဲလိုအတွေး အသိတွေရှိတယ်။ ဒါ ကြောင့် ရံဖန်ရံခါ ဖြစ်ဖြစ် စိတ်ပါတဲ့အချိန်ဆို အစ်ကို လုပ်ဖြစ်မယ်။ ဆက်တိုက်ကြီးလည်း လုပ်ချင်မှလုပ်မယ်။ အဓိကကတော့ မိုက်ကရို ဖုန်းလေး ကိုင်ပြီး သီချင်းဆိုနေရင်၊ မိုက်ကရိုဖုန်းရှေ့မှာ recording လုပ်နေရတာတို့ဟာ အစ်ကို့ရဲ့ ဘဝပါပဲ။ အဲလိုနဲ့ပဲ ဘဝကို ဖြတ်သန်းချင်တယ်။ နောက် ကျန်တာ မိသားစုရေးအတွက် စီးပွားရေးတွေ ထပ်တိုးချဲ့ လုပ်ဖြစ်ရင် ဖြစ်မှာပေါ့။ တကယ်တမ်း ခေတ်ကောင်းပြီး အဆင်ပြေမယ်ဆိုရင် ဒီအဆိုတော် အလုပ်လေးကိုပဲ သဘောကျတယ်။ ပျော်တယ်။ အစ်ကိုက အနုပညာအလုပ်တွေ ဆက်တိုက်အမြဲ လုပ်ဖြစ်နေမှာပါ။ ရပ်လိုက်တယ်ဆိုတာတော့ ရှိမှာမဟုတ်ပါဘူး။ အေသင်က အခုအောင်မြင်ပြီး နောက်ပိုင်းမှာဘယ်လို သီချင်းမျိုးတွေကို ရေးဖို့၊ ဆိုဖို့ စိတ်ဝင်စားလာလဲ။ ပြီးတော့ စင်မြင့်တွေ ပေါ်မှာ ဘယ်လိုပုံစံမျိုး လေးတွေ ဆိုချင်လဲ။
အေသင် – အေသင်ကို စင်ပေါ် တက်လာရင် ပရိသတ်တွေက သီချင်းအမြူးလေးတွေကိုပဲ ဆိုစေချင်တယ်။ ကစေချင်တယ်။ အခုနောက်ပိုင်းကျ တော့ အေသင်R & Bပုံစံတွေ၊ သီချင်းအေးအေးလေးတွေ၊ ပါးပါးလေးနဲ့ မြူးပြီးဆိုလို့ကောင်းတဲ့ သီချင်းတွေပိုဆိုချင်လာတယ်။
ရဲလေး – အေသင်အဆိုတော် သက်တမ်းကြာလာရင် One Lady Show လုပ်ဖို့အိပ်မက်ခဲ့ဖူးလား။
အေသင် – အဲဒီအတွက်အိပ်မက်ခဲ့ ပါတယ်။ မနက်မိုးလင်းတာနဲ့ အလုပ်အကြောင်းပဲ စဉ်းစားတယ်။ ဂီတနဲ့ ပတ်သက်ပြီးပဲ စဉ်းစားတယ်။ One Lady Show လုပ်ဖို့လည်း စဉ်းစား ဖြစ်တယ်။ အခုတော့တစ်ခွေပဲရှိတော့ လုပ်ဖို့တော့ မဖြစ်နိုင်သေးဘူး။ ဒါပေမဲ့ ဒုတိယတစ်ခွေထွက် ပြီးရင်တော့ မဖြစ်ဖြစ် အောင်လုပ်ဖြစ်မယ်ထင်တယ်။ အစ်ကိုရော မွေးနေ့ ရောက်တိုင်း Show ပွဲလုပ်နေတော့ ဒီနှစ်ရော။
ရဲလေး – ဒီနှစ်တော့ မွေးနေ့ဘတ်ဒေးရှိုးတော့ မလုပ်တော့ပါဘူး။ မွေးနေ့မှာ သူငယ်ချင်းတွေနဲ့ အေးအေးချမ်းချမ်းနဲ့ ပျော်စရာပါတီတစ်ခု လောက်ပဲ လုပ်ဖြစ်မယ်။ သီးသန့် One Men Show တော့ 2011 မှာ လုပ်ဖြစ်ဖို့များပါတယ်။ ဘယ်လောက်လုပ်ဖြစ်မယ်ဆိုတော့ အတိကျပြောလို့မရဘူး။ သေသေချာချာ စီစဉ်ပြီးသင့်တင့်တဲ့ ဈေးနှုန်းနဲ့ အကောင်းဆုံးဖြစ်အောင် တင်ဆက်မယ်လို့ ညီမလေးနဲ့ဒီစကားဝိုင်းမှာပဲ ပရိသတ်ကို ကြေငြာလိုက်ပါ တယ်။ ညီမလေးလည်း ကိုယ့်ဘဝမှတ်တိုင် တစ်ခုအဖြစ်လုပ်ဖို့ ထပ်ပြီးတိုက်တွန်းချင်တယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာသာ အတွဲခွေ၊ စုပေါင်း စပ်ပေါင်း အခွေတွေခေတ်စားတာလေ။ နိုင်ငံခြားမှာက ရန်ပုံငွေရှာတဲ့အခါ လှူဒါန်းတဲ့အခါမှသာ အတွဲခွေ လုပ်ကြတာလေ။ ပုံမှန်ဆို single ပဲ လုပ် ကြတာလေ။ တချို့ကတော့ အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်တာ၊ တချို့ကကြိုးစားနေတုန်းပဲ ရှိတဲ့အတွက် မလုပ်နိုင်ကြသေးဘူးပေါ့။ underground ထဲမှာ မျောနေကြတဲ့လူငယ်တွေရှိတယ်။ သူတို့ ကို အစ်ကိုအခွေထွက် နိုင်ဖို့အတွက် တတ်နိုင်တဲ့ဘက်က ကူညီပေးချင်တယ်။ အဆို တော်တွေ များလာလေ ကိုယ်တွေကြိုးစားရတာ တန်လေပဲလေ။ တစ်ယောက်တည်းဆိုရင် ကိုယ့်ကိုယ်ကိုယ်လည်း ဘာမှန်းမသိဘူး။ အစ်ကိုက အပြိုင်အဆိုင် လုပ်နေရတာကို ကျေနပ်တယ်။ နှစ်သက်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ပြိုင်တယ်။ သူများနဲ့လည်း ပြိုင်တယ်။ ဒါနဲ့ အေသင်ရော ဘယ်အရွယ်လောက်ကြရင် စီးပွားရေးကို ဇောက်ချလုပ်ဖြစ်မလဲ။ ကိုယ့် ဝါသနာနဲ့ရော ဘယ်လိုခွဲခြားထားလဲ။
အေသင် – စီးပွားရေးကတော့ အခု သိပ်နားမလည်သေးဘူး။ ဒါပေမဲ့ မေမေတို့စီးပွားရေးရှိတယ်။ လုပ်ဖို့ အစီအစဉ်ချထားတာရှိတယ်။ သမီးကိုလည်း စိတ်တိုင်းကျ လုပ်ခိုင်းပါတယ်။ ဘာလုပ်ဖြစ်မယ်တော့ မသိ သေးဘူး။ သမီးစိတ်ဝင်စားတာကတော့ စားသောက်ဆိုင်ဖွင့်တာကိုပဲ အစ်ကိုကရော။
ရဲလေး – အစ်ကိုလည်း အဲလိုပဲ၊ အစ်ကိုက ပေါင်မုန့်၊ ဒိုးနတ်ပြီးတော့ ဟန်ဘာကာကြိုက်တော့ အဲလိုလုပ်ငန်းမျိုးကို လုပ်ချင်တယ်။ လူတန်းစား ပေါင်း စုံစားနိုင်တဲ့ သင့်တင့်တဲ့ဈေးနှုန်းနဲ့ ဆိုင်လေးကို ဖွင့်ချင်ပါတယ်။ အင်း စီးပွားရေးအကြောင်းပြီးတော့ အချစ်ရေးကြောင်းလေးပြောပါဦး။(ရယ်လျက်)
အေသင် – အချစ်ရေးက အင်း.. ရည်းစားတစ်ယောက်တည်း မဟုတ်ဘူး။ အမျာကြီးဆိုတော့ ဘယ်လို ပြောရမှန်းမသိဘူး။ ဘယ်တစ် ယောက်ကို မေးတာလဲ။ ပထမဆုံးလား။ ဘယ်သူလဲ (ရယ်လျက်)
ရဲလေး – မဟုတ်ပါဘူး။ အခု လက်ရှိပေါ့။ ရင်ခုန်နေတဲ့ကောင်လေးရှိလား။ အေသင်တစ်ယောက်တည်းပဲ လား။
အေသင် – ရင်ခုန်နေတဲ့ ကောင်လေးတော့ မရှိဘူး။
ရဲလေး – ကောင်းပါတယ်။ အဲဒီအဖြေကို အရမ်းကြိုက်ပါတယ်။ ဟား ဟား
အေသင် – အစ်ကို့ရဲ့ အချစ်ရေးကရော။
ရဲလေး – ခုနက အေသင်လိုပဲ ပရိသတ်တွေ လွတ်လွတ်လပ်လပ် ရင်ခုန်လို့ ရပါတယ်။ ကျယ်ပြောလှတဲ့ သမုဒ္ဒရာထဲမှာ ကူးခပ်နေပါတယ်။ ဘယ်ကမ်း ဘယ်သောင်ဆိုက်ရမယ် မသိသေးပါဘူး။ လွတ်လွတ်လပ်လပ် ကူးခပ်ဆဲပါပဲ။
အေသင် – ကိုရဲလေးဆီက သီချင်းရေးတဲ့ အနုပညာခံစားသီဖွဲ့မှုကို သိချင်တယ်။ အစ်ကို့စာသား၊ စကားလုံးတွေက မထပ်ဘူး။ နောက်သူများတွေ အတွက်လည်း ရေးနေတော့လေ၊ စာသားတွေကို ဘယ်လိုတွေက ရှာဖွေလဲ။
ရဲလေး – အစ်ကိုက ကဗျာရေးတတ်တဲ့ အကျင့်ရှိတယ်။ ပြီးတော့ အစ်ကိုက တစ်ခုခုကို တွေးနေတတ်တယ်။ ဥပမာ အေသင်မုန့်စားနေ တာ ကြည့်ပြီး အတွေးတစ်ခုကနေ အကြောင်းရာတစ်ခုရပြီး သီချင်းဖြစ်တာလည်းရှိတယ်။ အစ်ကိုက ကား သွားနေရင်လည်းတွေးနေတာပဲ။ အဓိကကတော့ စာများ များဖတ်ဖြစ်တယ်။ တစ်ခါခါကျရင်လည်း စကားတစ်လုံးကနေ သီချင်းတစ်ပုဒ်ဖြစ်တယ်။ ထိန်ဝင်းနဲ့ဆိုထားတဲ့ မဟုတ်ရပါဘူးဗျာဆိုတာက ထိန်ဝင်းနဲ့ facebook ထဲမှာ စကားပြောကြရာကနေ ရလာတာ။ နောက်သင်္ကြန်သီချင်း ‘ဘာစားမလဲအစ်ကို’ဆိုတာကလည်း အဲလိုပဲ စကားပြောတာကနေ ရ လာတာပါ။ အခုအေသင်နဲ့ စကားသာပြောနေတာ စိတ်က တခြားနေရာကို ရောက်ရင်ရောက်နေတာ၊ စိတ်နဲ့အလုပ်လုပ်ရတာ အနု ပညာရှင်တစ် ယောက်ဆို ပိုမှန်ပါလိမ့်မယ်။ ဒါကြောင့် အစ်ကို့စိတ်ကို အနှောင့်ယှက်ဖြစ်အောင် သိပ်ပေးလို့ မရဘူး။ စာများများဖတ်တယ်။ လူတွေနဲ့ များများစကား ပြောတယ်။ လူတွေအကြောင်းကိုများများ လေ့လာတယ်၊ အဲတော့စကားလုံး ကြွယ်ဝလာတယ်။ ညီမလေးရောသီချင်းတွေ ရေးတော့ စာဖတ်ဖြစ် လား။
အေသင် – စာဖတ်တာကတော့ ဝတ္ထုလောက်ပဲ ဖတ်ဖြစ်တယ်။ တခြားစာတွေတော့ မဖတ်ဖြစ်ဘူး၊ သီချင်းနားထောင်တယ်။ TV ကြည့်တယ်။ ဇာတ် လမ်းအခွေတွေ ကြည့်တယ်။ ကိုရီးယားကားတော့ မကြည့်ဘူး။
ရဲလေး – အစ်ကိုတို့ စကားဝိုင်း အဆုံးသတ်လေးအနေနဲ့ မေးချင်တာက အခုချိန်မှာ ရင်ခုန်စရာ ကောင်လေးမရှိသေးတဲ့ အေသင်က ဘယ်လိုကောင် လေးမျိုးကို ရင်ခုန်လဲ။
အေသင် – အေသင်က သိပ်ပြီးရုပ်ချောတာတွေ မမက်ဘူး။ အဓိက အေသင်ကို နားလည်ပေးရမယ်၊ စာနာပေးရမယ်။ အေသင်က အရမ်း ချစ်တတ် တယ်။ အရမ်း သဝန်တိုတတ်တယ်။ ကိုယ့်ရည်းစားက ကိုယ့်ကိုပဲ ဂရုစိုက်ရမယ်။ အမြဲတမ်းချစ်ပြီး ကိုယ့်စိတ်ပဲဖြစ်ရမယ်။ အဲဒါက စိတ်ပိုင်းဆိုင်ရာပေါ့၊ ရုပ်ပိုင်းကတော့ အရမ်းချောတာ၊ အရမ်းလှချင်တဲ့ သူမျိုးမကြိုက်ဘူး။ အရပ်ရှည်ရှည် အသားဖြူတာမကြိုက်ဘူး။
ရဲလေး – အင်း .. ဝေးပြီရဲလေး ရေ…အဲဒီမှာတင် အေသင်နဲ့ စဉ်းစားလောက်တဲ့ သူမဖြစ်နိုင်တော့ဘူးပေါ့(ရယ်လျက်)။ နောက် အေသင်ကိုယ့်ရဲ့ ချစ်သူအိမ်ထောင်ဖက်ကို စဉ်းစားထားတာရှိလား။ ကိုယ်ကအနုပညာသမားဆိုတော့ အနုပညာအသိုင်းအဝိုင်းက လူကိုပဲ ရင်ခုန်မလား၊ အပြင် လောကကသူကိုပဲရွေးမလားပေါ့။ အစ်ကိုကတော့ အနုပညာအသိုင်းဝိုင်းထဲက မဟုတ်ဘူး။ အပြင်ကသာမန် မိန်းကလေးတစ်ယောက်ပဲ လက်ထပ် ဖြစ်မယ်လို့ စဉ်းစားထားတယ်။
အေသင် – အေသင်ကလည်း အပြင်ကလူကိုပဲ ရွေးချယ်မယ်လို့ စဉ်းစားထားတယ်။ ဘာလို့လဲဆိုတော့ အနုပညာရှင်အချင်းချင်းကျတော့ မိတ်ဆွေ သူငယ်ချင်းပဲကောင်း မယ်ထင်တယ်။ စိတ်ဆိုးအ ဆင်မပြေလို့ ပြတ်သွားရင် ဒီအသိုင်းဝိုင်းက လူဆိုတော့ တစ်ကွေ့မဟုတ် တစ်ကွေ့ကြုံမှာလေ။ အဲဒီတော့ မျက်နှာ ပူစရာဖြစ်တယ်။ အဲဒီတော့ အပြင်လူပဲ ချစ်သူထားတာကောင်းပါတယ်။
ရဲလေး - အစ်ကိုလည်း အေသင်လိုပါပဲ။ အစ်ကိုလည်း သဝန်တိုတတ်တယ်။ ပြောရရင် ရှည်သွားလိမ့်မယ်။ အဓိကကတော့ အစ်ကိုမခံစားနိုင်ဘူး။ ဒါကြောင့် အပြင်က မိန်းကလေးပဲ ရွေးချယ်မှာပါလို့ ဒီမှာပဲပြောလိုက်ပါတယ်။
Author : အေးနွယ်လှိုင်
Source : Yatimagazine