ဟောင်ကောင် အက်ရှင်စတား ဂျက်ကီချန်းက သူ့ရဲ့ပိုင်ဆိုင်မှု တွေကို သူ့သားအဆိုတော် ဂျေစီချန်းအတွက် တစ်ပြားမှမချန်ဘဲ အားလုံးကို လှူဒါန်းခဲ့မယ်လို့ ပေကျင်းမှာကျင်းပခဲ့တဲ့ ဆုပေးပွဲအခမ်းအနားတစ်ခုမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။သူ့ရဲ့ငွေအမြောက်အမြားရဲ့ထက်ဝက်လောက်ကို လှူဒါန်းခဲ့ပြီးဖြစ်တဲ့ ချန်းက "ကျွန်တော်သေသွားရင် ကျွန်တော့သားအတွက် ဘာမှမချန် ခဲ့ပါဘူး။

သူ့မှာ အစွမ်းအစရှိရင် သူ့ဘာသာသူ ငွေရှာနိုင်ပါတယ်။ ဒီလို အစွမ်းမရှိဘူးဆိုရင်လည်းအဖေရှာထားတာတွေကို ထိုင်ဖြုန်းတဲ့သူဖြစ် နေမှာပေါ့" တဲ့။
အဲဒီညက ဆုပေးပွဲအခမ်းအနား မှာ ဂျေစီချန်းလည်း ဆုရခဲ့ပေမယ့် သူ့ အဖေဂျက်ကီချန်းက သူ့သားရဲ့ကြိုးစားမှုကို မကျေနပ်နိုင်သေးဘူးလို့ ဆိုပါတယ်။
"အတွေ့အကြုံများများ ရစေဖို့၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ရင့်သန်စေဖို့ အတွက် ကျွန်တော်သူ့ကို စစ်မှုမထမ်းခိုင်းခဲ့မိတာ သိပ်နောင်တရမိ
တယ်"လို့ အသက် ၅၆ နှစ်အရွယ် ဂျက်ကီချန်းက ဆိုပါတယ်။
ဒီပွဲမှာ ချန်းက သူ့ရဲ့ပရိသတ်တွေကို ရင်ပူသွားစေတဲ့ လူပြိန်းကြိုက် သတင်းစာတွေမှာ ဖော်ပြခဲ့တဲ့ သူသေသွားပြီဆိုတဲ့ ကောလာဟလ နဲ့ပတ်သက်ပြီးတော့လည်း ပြောခဲ့ပါသေးတယ်။ "ကျွန်တော် မသေသေးပါဘူး။ ဒါပေမယ့် အလုပ်တွေက များလွန်းတော့ သေလုနီး ပါးပါပဲ။မီဒီယာတွေကို ပြောချင်တာကတော့ အတင်းအဖျင်းတွေကို ခုလိုဖော်ပြနေမယ့်အစား အလှူတွေ၊ လူမှုရေးအလုပ်တွေ လုပ်နေ တာကို ပိုဖော်ပြသင့်တယ်လို့ပါ။ ဒါက ပိုတန်ဖိုးရှိပါတယ်" လို့ ပြောခဲ့ပါသတဲ့။
ဂျက်ကီချန်း သေသွားပြီဆိုတဲ့ သတင်းမှားကြီးကို အင်တာနက်မှာ ဖတ်လိုက်ရတဲ့ ၀ီလ်စမစ်ခမျာမှာလည်း မိတ်ဆွေကြီးအတွက် မျက်ရည်တွေကျခဲ့ရသလို သားတော်မောင် ဂျေစီချန်းမှာလည်း အရမ်းအရမ်းကို စိတ်ပူသွားပြီး သေချာအောင် သူ့အဖေဆီ ဖုန်းဆက် လိုက်ပါတယ်။
"အဖေက ကျွန်တော့ကိုဆူပါတယ်။ ငါ့ကို သေစေချင်နေတာလားတဲ့။ ဒီတော့မှာပဲသတင်းအမှားကြီးပါလားလို့စိတ်အေးရတော့တယ်" လို့ သားလေးချန်းက ပြောပြခဲ့ပါတယ်။
Author :သီရိမင်းထွန်း
Source : Myanmar.Mmtimes