စိုက်ပျိုးသည့်နှစ်သက်တမ်းပေါင်း ၁၅၁ နှစ်ရှိပြီ ဖြစ်သည့် ဗောဓိညောင် ပင်ကိုမေလ၁၇ ရက်နေ့က ရေသွန်းလောင်းပူဇော်ပွဲများကျင်းပခဲ့သည်။ယင်းညောင်ပင်သည် မန္တလေးမြို့ မဟာနွယ်စဉ်ရပ်၊ အဘယရာမကုန်းတော် အကွက် ၆၉၀ တွင်တည်ရှိသည်။ဘ၀ရှင်မင်းတုန်းမင်းတရားကြီး သီဟိုဠ် ကျွန်းမှ ပင့်ဆောင်၍ စိုက်ပျိုးထားခဲ့ခြင်း ဖြစ်သည်။

မြန်မာသက္ကရာဇ် ၁၂၂၂ ခုနှစ် နယုန် လပြည့်နေ့တွင် သီဟိုဠ်ကျွန်းမှ ပင့် ဆောင် ခဲ့သည်။ မန္တလေးမြို့ရှိ အဘယကုန်း တော်ပေါ်သို့ နတ်တော် လပြည့်ကျော် ၆ ရက် တနင်္လာနေ့ ၂ နာရီတွင် စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။ ယင်းနှစ်မှ စတင်ပြီး ကဆုန်ညောင် ရေသွန်းလောင်းပွဲများ ကျင်းပခဲ့ရာ ယခုနှစ် မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် တွင် နှစ်ပေါင်း ၁၅၁ နှစ် တိုင် သွားပြီ ဖြစ်ကြောင်း ဗောဓိပင်ဂေါပကအဖွဲ့ ဦးစံလှက ရှင်းပြသည်။
"မင်းတုန်းမင်း လက်ထက်ကတည်း က ညောင်ရေသွန်းလောင်းပွဲတွေ ပြုလုပ် ခဲ့တာ။ ဒီညောင်ပင်ကိုလည်း သူ့အသက် ရှည်ဖို့အတွက် ရည်မှန်းပြီး အာယုအရပ် နဲ့ တာပေါင်းတစ်ထောင်ဝေးတဲ့ ဒီနေ ရာမှာ စိုက်ပျိုးခဲ့တာပါ။ အဲဒီအချိန်က နေ ခုအချိန်ထိ စဉ်လာမပျက် ညောင် ရေသွန်းလောင်းပွဲကို တစ်နှစ်မှ မပျက် ကွက်ခဲ့ပါဘူး"ဟု ၎င်းက ပြောသည်။
မြန်မာသက္ကရာဇ် ၁၂၄၂ ခုနှစ်တွင် လည်း သီပေါရှင်ဘုရင်က သက်တော် ၂၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ယင်းကုန်းတော်ပေါ် တွင် ဗောဓိပင် ပေါင်း ၂၁ ပင်ကို စိုက်ပျိုးခဲ့သေးသည်။ သို့ကြောင့် ဗောဓိပင် စုစုပေါင်း ၂၂ ပင် ရှိကြောင်းသိရသည်။ သို့သော်လည်း မင်းတုန်းမင်းကြီး စိုက်ပျိုးခဲ့သည့် ဗောဓိညောင်ပင်ကိုသာ ရေသွန်းလောင်း ပူဇော်ခြင်းများ ပြုလုပ်ကြသည်။
"ဘုရားစဖြစ်တဲ့နေ့ကို အကြောင်း ပြုပြီး ဒီညောင်ပင်ကို ရေသွန်းလောင်း ကြ တာပါ။ ဗောဓိညောင်ပင်ဟာ ပရိဘောဂ စေတီထိုက်တဲ့ အတွက် ရေသွန်းလောင်း ပြီး ကုသိုလ်ယူကြတာပါ"ဟု ဦးစံလှက ပြောသည်။
နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့ တွင် ယင်းမဟာ ဗောဓိပင်အား ဒေသခံ များက လာရောက် ရေသွန်းလောင်း ပူဇော်ကြသည်။ ဗောဓိပင်ကို ရေသွန်း ရင်း အချင်းချင်း ရေများပက်ဖျန်း ကစားကြသည်။ ယင်းသို့ လုပ်ဆောင်ခြင်း သည် အေးချမ်းသည့် နိမိတ်ကို ဖော်ဆောင်ခြင်းဖြစ်သည်ဟု ယူဆကြ သည်။ ထို့ပြင် ယင်းညောင်ပင်မှာ ဆုတောင်း ပြည့်ကြောင်း၊ စီးပွားလာဘ်လာဘများ တိုးပွား စေကြောင်း၊ အမှုအခင်းများကို လည်း မှန်ကန်သည့်ဘက်မှ ကူညီစောင့် ရှောက်ပေးလျက်ရှိကြောင်း အစရှိသည့် ယုံကြည်မှုများနှင့် ရပ်ဝေး၊ ရပ်နီးများ လာရောက် ရေသွန်းလောင်းပူဇော်ခြင်း ဖြစ်ကြောင်းသိရသည်။
ညောင်ရေသွန်းလောင်းပွဲတွင် ရေသွန်းလောင်းနိုင်ကြစေရန် ရေတစ်ပုံးလျှင် ကျပ်၂၀၀၊ရေသုံးပုံးလျှင် ကျပ် ၅၀၀ နှင့်ရေများရောင်းချ လျက်ရှိရာတစ်နာရီလျှင် ကျပ်နှစ်သောင်းခန့် ရရှိကြောင်း သိရသည်။ ယင်းပွဲတော်တွင် ခြင်းလုံး အလှခတ် ပွဲများ၊ တေးဂီတ ဖျော်ဖြေ ပွဲများနှင့်ပျော်ပွဲရွှင်ပွဲများပါဝင်ကြောင်းသိရသည်။ပွဲတော်သွားလာသူများကိုလည်း လမ်း တစ်လျှောက်တွင် အအေးများ၊ အချဉ်ပေါင်း များနှင့် အခြားသော မုန့်ပဲ သရေ စာများနှင့် စတုဒိသာများ ကျွေးမွေး ကုသိုလ်ယူကြသူများလည်းရှိသည်။
Author : မန်းသားလေး
Source : Myanmar.Mmtimes