Mitter Yaung Chi library

မေတ္တာဝါဒီ ဟင်္သာတပရဟိတ ဂေဟာမှာ လူမှုဝန်ထမ်း ဦးစီးဌာန အသိအမှတ်ပြုထားပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ မိမဲ့ဖမဲ့ မိဖမဲ့ ပရဟိတ ရဟန်းသာမဏေ ကျောင်းသားပေါင်း (၃၆ဝ)ဦး နေထိုင်ကာ ပရိယတ္တိ၊ ပရဟိတ၊ ပဋိပတ္တိနဲ့ လောကီအတန်းပညာများကို ဆည်းပူးလျက် ရှိကြသည်။


(၁၉၇၄)ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော မေတ္တာဝါဒီ ကျောင်းတိုက်ကြီး၌ တက္ကသိုလ် ကျောင်းသား(၃)ဦး၊ အထက်တန်း ကျောင်းသား (၅၁)ဦး၊ အလယ်တန်းကျောင်း သား(၁၁၅)ဦး၊ မူလတန်းကျောင်းသား (၁၉၁)ဦး၊ စုစုပေါင်း ကျောင်းသား (၃၆ဝ)ဦးတို့မှာ ပညာဆည်းပူးလျက် ရှိ၍ မူလတန်းပညာကို ဆရာမ (၆)ဦးဖြင့် ကျောင်းတိုက်၌ သင်ပြပေးသည်။ (၅)တန်းမှ (၁ဝ)တန်းအထိ အပြင်စေတနာရှင် ဆရာ၊ ဆရာမ (၂ဝ)ဦးခန့်ကလည်း လာရောက်ပြီး ကျူရှင်ပညာဒါန ပေးလှူနေ ကြဆဲဖြစ်သည်။ မေတ္တာဝါဒီဆရာတော်ကြီး ဓမ္မာစရိယဘဒ္ဒန္တသီလာနန္ဒသည် မိဖမဲ့ ကျောင်းသားအားလုံးတို့အား ရင်ဝယ်သားပမာ အစားကျွေး၊ အဝတ်ပေး၊ ကျန်းမာရေးကအစ လိုလေသေးမရှိရအောင် ပြုစုပျိုးထောင်ပေးလျက် ရှိသည်။ (၉)ထပ်သိမ်ကျောင်းတော်ကြီးသည် မေတ္တာဝါဒီဆရာတော် ဘဒ္ဒန္တသီလာနန္ဒ၏ လက်ထက်တော်တွင် (၂)နှစ်ဖြင့် ပြီးစီးအောင်မြင်ကာ ဓာတ်လှေကားပါ တပ်ဆင်နိုင်ခဲ့သည်အထိ လှူဒါန်းခဲ့ကြသည်။ မေတ္တာဝါဒီ ဆရာတော်ဓမ္မာစရိယဘဒ္ဒန္တ သီလာနန္ဒသည် ဒုတိယထပ်စံ ကျောင်းဆောင်အတွင်း၌ မေတ္တာနှလုံးကို အစဉ်ဆုံး၍ စိပ်ပုတီးကို တဂျောက်ဂျောက်နှင့် စိပ်ပွားနေလေ့ရှိသည်။ မေတ္တာဝါဒီ ဆရာတော်ဟူသော ဘွဲ့နှင့်လျော်ညီစွာ မေတ္တာနှလုံးသားကြောင့် အလှူရှင်များမှာ ခိုနား၍ လာရောက်လှူဒါန်းကြသည်။ ထို့ကြောင့် မေတ္တာဝါဒီ ကိုးထပ်သိမ် ကျောင်းတော်ကြီးအပေါ်၌ ရွှေတိဂုံစေတီတော်ပုံတူ သစ္စာမေတ္တာ အဓိဋ္ဌာန်အောင်စေတီတော်ကို တည်ထားကိုးကွယ်နိုင်သကဲ့သို့ မိဖမဲ့ကျောင်းသားများ အတွက် နွေရာသီ ကွန်ပျူတာသင်တန်း၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း၊ မေတ္တာသီတဂူသီလရှင် စာသင်တိုက်တို့ကို ဖွင့်လှစ်ပေးကာ အသိဥာဏ်ပညာ မျက်စိများကိုဖွင့်ပေးနေခဲ့သည်။ ယခုအခါ မေတ္တာဝါဒီဆရာတော် ဘဒ္ဒန္တသီလာနန္ဒသည် ကျောင်းသားများ အားလပ်ချိန်တွင် စာဖတ်တတ်သော အလေ့အကျင့်ကောင်းများကို ရရှိလာကြစေရန်အတွက် စိတ်ရည်သန်လျက် မေတ္တာရောင်ခြည် စာကြည့်တိုက် ဗဟုသုတအဖြာဖြာ ပညာဥယျာဉ်စာဖတ်ခန်း ကိုလည်း (၁၅၊၁ဝ၊၂ဝ၁ဝ)နေ့မှစတင်၍ ဖွင့်လှစ်ပေးတော်မူသည်။ ထို့ကြောင့် မိဘမဲ့ ရှင်သာမဏေ ကျောင်းသားလေးများသည် အားလပ်ချိန်တွင် ဆော့ကစား နေခြင်းမပြုကြတော့ဘဲ အလုအယက် စာဖတ်လျက်ရှိကြောင်း လေ့လာခွင့် ရခဲ့သည်။ သို့ပါ၍ စာအုပ်များကို မေတ္တာရောင်ခြည် စာကြည့်တိုက်အတွက် လှူဒါန်းလိုကြပါက ဖုန်း - ဝ၁-၅၂၂၃၆၄၊ ဝ၉၇၃ဝ၁၃ဝ၅ဝတို့နှင့် ဆက်သွယ် စုံစမ်းနိုင်ကြပါကြောင်း။ ကိုယ်တိုင်သဟထိက ဒါနမြောက်အောင် လှူဒါန်းရန် သွားရောက်လိုကြပါက ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက်၊ မာလာမြိုင် (၁ဝ)လမ်းနှင့် ဗဟိုလမ်းထောင့်ရှိ မေတ္တာဝါဒီ ပရဟိတ ကျောင်းတိုက်သို့ အလွယ်တကူ သွားရောက်နိုင်ကြောင်း တင်ပြ အစီရင်ခံအပ်ပါသည်။ မိဘမဲ့သူ ချို့တဲ့သူကို၊ ဖေးကူသနား မေတ္တာထား၍ စားဝတ်နေရေး ပညာရေးနှင့် ကျန်းမာရေးရာ အဖြာဖြာကို ပြည့်လာစေကြောင်း အားဖြည့်လောင်းကာ စုပေါင်းညီညာ ဤဂေဟာတွင် သင်လည်း ယခုကုသိုလ်ပြုလော့။

 

Author : သုတေသီကိုကိုဇော်
Source : Snapshot-News

 

blog comments powered by Disqus