ဗြိတိန်တော်ဝင်မင်းသား ၀ီလျံနဲ့ သူ့ချစ်သူ ကိတ်မစ်ဒယ်လ်တန်တို့ဟာ သူတို့ရဲ့လက်ထပ်မင်္ဂလာပွဲကို ဧပြီလမှာ ကျင်းပမယ်လို့ သတင်းထုတ် ပြန်လိုက် ပြီးနောက် မင်္ဂလာပွဲအတွက် ကိတ်မုန့် နှစ်မျိုးတောင်လုပ်မှာ ပါတဲ့။ပထမတစ်မျိုးက ထုံးစံအတိုင်း ပန်းပွင့်ပုံစံဒီဇိုင်းနဲ့အထပ်တွေအများကြီး ပါတဲ့ မင်္ဂလာသီးစုံကိတ်ဖြစ်ပြီး နောက်တစ်မျိုးကတော့ မင်းသားဝီလျံ ငယ်ငယ်ကတည်းက သိပ်ကြိုက်တဲ့ ချောကလက်ဘီစကွတ်ကိတ်ပါ။

မင်္ဂလာပွဲကျင်းပမယ့် ဧပြီလ၂၉ ရက် နေ့ကျရင် ဘက်ကင်ဟမ်နန်းတော် ရဲ့ ဧည့်ခန်းမအလယ်မှာထားမယ့် သီးစုံ ကိတ်မုန့်ကြီးကို Beatles အဖွဲ့ ရဲ့ အဆို တော် ပေါလ်မက္ကတနေး၊ ရော့ခ်အဆိုကြီး ပင့်ခ်ဖလွိုက်တို့လို နာမည်ကျော်အနုပညာရှင်တွေအတွက် အထူးကိတ်မုန့်တွေ ဖုတ်ပေးရ တဲ့ ကိတ်မုန့်ဆရာမ Fiona Cairns က ပြုလုပ်ပေးမှာ ဖြစ်ပြီးဒီကိတ်မုန့်ရဲ့ဒီဇိုင်းကို အသက် ၂၉ နှစ်ရှိဖြစ်တဲ့ သတို့သမီးလောင်း မစ်ဒယ်လ်တန်က၊အဓိကဆုံးဖြတ်ပေးတာဖြစ်ပါတယ်။
"မင်္ဂလာကိတ်ရဲ့ ပထမဦးဆုံးအဆင့် ကစပြီး ဘယ်လိုလုပ်မယ်ဆိုတာကို သူ ကပဲ အကြံပေးခဲ့တာပါ။ ပြီးတော့ သူ့ စိတ်ကူးလေးတွေ ကလည်း သိပ်ကို ကောင်းတယ်"လို့ မုန့်ဖုတ်လုပ်ငန်းကို လွန်ခဲ့တဲ့ ၂၅ နှစ်လောက်ကတည်းက စလုပ်ကိုင်ခဲ့တဲ့ Cairns ကဆိုပါတယ်။
"သူ ဒီလိုဝိုင်းစဉ်းစားပြီး အကြံ ကောင်းတွေပေးတော့ တော်ဝင်မင်္ဂလာပွဲအတွက် မင်္ဂလာကိတ်စီစဉ်ရတာ အရင်က မင်္ဂလာကိတ် အော်ဒါတွေလို ဦးနှောက်မခြောက်ရဘူး။ သူလိုချင်တာ ကိုလည်း ကောင်းကောင်းပြောတတ် သလို ကိတ်မုန့်ဖုတ်တဲ့အခါ ကျွန်မတို့ သုံးတဲ့နည်းကို သူကြိုက်တယ်လို့လည်း ပြောပါသေးတယ်"လို့ မုန့်ဆရာမကပြောပြပါတယ်။
မင်္ဂလာကိတ်ကို ဂျိုးဇက်လမ်းဘတ် ရဲ့ နည်းသုံးပြီး ပန်းပုံစံတွေ၊ သုံးဖက်မြင် အလိမ်အကောက် လိုင်နာလေးတွေ ကို ဗြိတိန်စတိုင် ထုံးစံအတိုင်း ကရင်မ် တွေ၊ ကြက်ဥနဲ့ သကြားရောခေါက်ပြီး လုပ်ထားတဲ့ အဖြူရောင်အမြှုပ်တွေနဲ့ အလှဆင်မှာပါတဲ့။
ဒါပေမယ့် နောက်ကိတ်တစ်မျိုးကို တော့ ၀ီလျံအကြိုက်လည်းဖြစ်၊ ချော ကလက်ကြိုက်သူတွေနဲ့ မင်္ဂလာကိတ်ကို ခပ်ကြီးကြီးကြိုက် သူတွေကို ဆွဲဆောင် ထားတဲ့ ချောကလက်ကိတ်ပါ။
မင်းသားက ဘက်ကင်ဟမ်နန်းတော် စားတော်ဆောင်က အထူးနည်းကို သုံး ပြီး မင်္ဂလာချောကလက်ကိတ်ဖုတ်ပေးဖို့ ဗြိတိန် ဘီစကွတ်ဆရာ McVitie's ကို တောင်းဆိုထားပါတယ်။
"ဒီကိတ်မျိုးကို မင်းသားဝီလျံ ငယ်ငယ်တုန်းက လက်ဖက်ရည်နဲ့ အမြဲစားနေ ကျပါ။ သူ အဲဒါကို သိပ်ကြိုက်တာ" လို့ ကိတ်ဒီဇိုင်းနဲ့ နည်းလမ်းဆိုင်ရာ စားတော်ကဲကြီး ပေါလ်ကုတ်နေက ပြောပြပါတယ်။
"ဒီမုန့်ဖုတ်တဲ့နည်းမှာ လျှို့ဝှက်ထားတဲ့ ပါဝင်ပစ္စည်းနှစ်မျိုးလောက် ရှိပါတယ်။ ဒါကိုတော့ ပြောပြလို့မဖြစ်ပါဘူး။ အရသာလေးချင် ရင်တော့ ချောကလက် များများသုံးပေါ့"လို့ သူက ဆိုပါတယ်။
McVitie's ဟာ ၂၀၀၇ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီးနဲ့ ကြင်ရာတော်မင်းသားကြီး ဖိလစ်တို့ရဲ့ စိန်ရတုမင်္ဂလာပွဲအပါအ၀င် တော်ဝင်မိသားစုမင်္ဂလာပွဲတွေ အတွက် ကိတ်မုန့်ဖုတ်ပေးခဲ့တဲ့ နှစ်တွေကလည်းမနည်းလှပါဘူးတဲ့။
Author :သီရိမင်းထွန်း
Source : Myanmar.Mmtimes