Shan Sayar Daw

ရှမ်းပြည်နယ်မြောက်ပိုင်းတန့်ယန်းမြို့တွင် ဧပြီလ ၂၄ ရက်နေ့ကစတင် ကျင်းပခဲ့သည့် တောင်တန်း သာသနာပြု ဆရာတော် အရှင်သုခမိန္ဒ၏ ရွှေရတုမွေးနေ့ပွဲသို့ ရှမ်းပြည်နယ် အနှံ့အပြားမှ ရှမ်းနှင့်အခြားတိုင်းရင်း သား ထောင်ပေါင်းများစွာ လာရောက်ခဲ့ကြသည်။


တောင်တန်းသာသနာပြု ဆရာတော်၏ ရွှေရတုအထိမ်းအမှတ် မွေးနေ့မင်္ဂလာပွဲတွင် စုပေါင်းအလှူအဖြစ် ရှင်အပါး ၁၂၈ ပါး ရှင်ပြုမင်္ဂလာပွဲကို လည်းထည့်သွင်းကျင်းပခဲ့သည်။ ရွှေရတုအထိမ်းအမှတ်ပွဲတော်ကို လားရှိုးမြို့မှ ၈၃ မိုင်အကွာရှိ တန့်ယန်းမြို့တွင် ဧပြီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိကျင်းပခဲ့ခြင်းဖြစ်သည်။

"သာသနာပြုလုပ်ငန်းတွေ လုပ်ရာမှာ မေတ္တာကို အဓိကထားပါတယ်။ လူတွေကိုပညာနဲ့ ပံ့ပိုးပေးတဲ့သဘောပါပဲ။ သာသနာပြုလုပ်ငန်းတွေကို ဆက်လုပ်သွား မှာပါ။ သာသနာပြုလုပ်ငန်းတွေလုပ်ရင်း လူမှုရေးလုပ်ငန်းတွေလည်း ရောပြီးပါ သွားပါပြီ။ ဘုန်းဘုန်းရဲ့သူငယ်ချင်း
သံဃာတွေ နိုင်ငံခြားပညာတော်သင်သွား နိုင်ဖို့လည်း ကူညီထောက်ပံ့ခဲ့တယ်။ ခုဆို သံဃာအပါး ၆၀ လောက်ရှိပြီ။ ပညာအတွက် ပညာသင်ဖို့ အခက်အခဲရှိတဲ့ သံဃာတွေကို ဆက်ပြီးလည်းထောက်ပံ့ ပေးသွားမှာပါ။ လူငယ်တွေကို ကွန်ပျူတာနည်းပညာအတွက် ပညာဒါန ပေးသွားဖို့လည်းရှိပါတယ်"ဟု ဆရာတော် ဦးသုခမိန္ဒက မိန့်ကြားသည်။

ကျပ်သိန်းပေါင်းတစ်ထောင်ကျော်ကုန်ကျမည့် ရွှေရတုမွေးနေ့ပွဲတော်သို့ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ မြို့နယ်များမှ ဧည့်သည် ၂,၀၀၀ ကျော်လာရောက်ခဲ့ကြပြီး တန့်ယန်းမြို့နယ်အတွင်းရှိ ရှမ်း၊ '၀'၊ ပလောင်၊ လားဟူစသော ဒေသခံတိုင်းရင်းသား များစွာလာရောက်သည်ကိုလည်းတွေ့ရသည်။

"ဆရာတော်ကို ကြိုဆိုကြတဲ့ လူအုပ် ကြီးကိုတွေ့ရတော့ အတော်အံ့ဩမိ တယ်။ လူတွေအားလုံးက အေးအေး ချမ်းချမ်း၊ ပျော်ပျော် ရွှင်ရွှင်နဲ့ ကြိုဆိုနေ ကြတာ။ ရှမ်းတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့တွေ၊ သဘောထားဖြူစင်တဲ့မျက်နှာတွေက မြင်ရတဲ့သူကို အေးချမ်း
စေပါတယ်။ ဒီလို မြင်ကွင်းမျိုး၊ အတွေ့အကြုံမျိုးရလို့ အတော်ပဲ ကျေနပ်မိပါတယ်"ဟု မန္တလေးမြို့မှ ပွဲတော်တက်ရောက်လာသည့် သတင်းသမားတစ်ဦးက ပြောသည်။

ပွဲတော်ကျင်းပရေးအတွက် ဆပ် ကော်မတီ ၂၇ ခု ဖွဲ့စည်းထားပြီး ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များကို နှစ်လခန့် ကြိုတင်ဆောင်ရွက် ခဲ့ရသည်ဟု ယင်းကော်မတီဥက္ကဋ္ဌ ဦးစိုင်းရီထွန်းက ပြောကြားသည်။

"ခုလို ပွဲတော်ကြီးကိုစည်ကားသိုက် မြိုက်စွာကျင်းပနိုင်ရေးအတွက်ကျွန်တော်တို့ဆပ်ကော်မတီ အသီးသီးကနေ အများကြီး ကြိုတင် ဆောင်ရွက်ရပါတယ်။ ဒီလိုရွှေရတုပွဲတော်မျိုးကို ကျွန်တော်တို့ တစ်ခါမှမကြုံဖူးပါဘူး။ ဘာသာတရား ယုံကြည်မှု၊ လေးစားမှုကြောင့် ဒီလောက် လူများတာပါ။ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ ဘာသာရေးယုံကြည်မှုကို ပိုပြီးတော့လည်းခိုင်မာစေပါတယ်"ဟု ၎င်းက ပြောသည်။

ပွဲတော်ကျင်းပရာ တန့်ယန်းမြို့မဟာမြတ်မုနိဘုရားဝင်းအတွင်း အလှူခံဌာန ငါးခုဖွင့်လှစ်ထားပြီး၊ ရရှိသည့်အလှူငွေများဖြင့် တန့်ယန်း မြို့နယ်တွင်အကြီး ဆုံးဖြစ်သော မဟာမြတ်မုနိဘုရားကြီး ဘက်စုံ ပြုပြင်မွမ်းမံရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

မဟာမြတ်မုနိဘုရား ဘက်စုံပြုပြင်မွမ်းမံရန် ဆရာတော်အရှင်သုခမိန္ဒ၏နယ်လှည့်တရားပွဲများမှ အလှူခံရရှိငွေနှင့် အလှူရှင်များ၏ စုစုပေါင်း အလှူခံရရှိငွေ သိန်းပေါင်း ၁,၃၀၀ ကျော် ရရှိထားပြီး ကျပ်သိန်းနှစ်ထောင်ပြည့်သည့်အချိန်တွင် ပြုပြင်မွမ်းမံမှုလုပ်ငန်းများ
စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရပ်ဝေးရပ်နီးမှ လာရောက်ကြသော ပရိသတ် ထောင်ပေါင်းများစွာအတွက် တန့်ယန်းမြို့ပေါ်ရှိ စာသင်ကျောင်းအား လုံးကို ချထားပေး ခဲ့ရပြီး ရပ်ဝေးဧည့် သည်များ ကျွေးမွေးဧည့်ခံရေးအတွက်လားရှိုး၊ သီပေါ၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်စသောမြို့နယ်များမှ ဝေယျာဝစ္စ အဖွဲ့ဝင်များက ကူညီဒါနပြုခဲ့ကြောင်း သိရသည်။

"သီပေါကနေလာတာပါ။ ဆရာတော် တရားပြတဲ့ တရားစခန်းဝင်ခဲ့တာ ၁၈ နှစ် ရှိပါပြီ။ တန့်ယန်းကိုပထမဆုံးရောက်ဖူး တာပါ။ ဒီလို လူတွေအများကြီးလာတဲ့ ပွဲတော်မျိုးတစ်ခါမှ မကြုံဖူးပါဘူး။ အရမ်းပျော်ပါတယ်။ ဆရာတော်အတွက် လည်းအရမ်းဂုဏ်ယူပါတယ်"ဟု သီပေါမြို့နယ်မှဧည့်သည် တစ်ယောက်ဖြစ်သော ပါဆိုင်းကော်က ပြောသည်။

ရွှေရတုပွဲတော်အတွင်း ဆိုင်ခန်း ပေါင်း ၂၀၀ ကျော် ဖွင့်လှစ်ရောင်းချပြီး ရှမ်းအဆိုတော်များ၏ နေ့ခင်းပိုင်းသီဆို ဖျော်ဖြေမှုအစီအစဉ် နှင့် ရှမ်းပြဇာတ်အဖွဲ့၏ညပိုင်းဖျော်ဖြေမှုလည်း ပါဝင်ခဲ့သည်။

တန့်ယန်းမြို့နယ်တွင် ရှမ်း၊ ပလောင်၊'၀'၊ လားဟူတိုင်းရင်းသားများနေထိုင်သော ကျေးရွာအုပ်စု ၄၉ အုပ်စုရှိပြီး တန့်ယန်းမြို့ပေါ်တွင် လူဦးရေ တစ်သိန်းကျော်ရှိကြောင်း သိရသည်။

၁၉၆၁ ခုနှစ်တွင် တန့်ယန်းမြို့၌ဖွားမြင်ခဲ့သည့်ဆရာတော်မှာ ၁၉၉၈ခုနှစ်၌ ရန်ကုန်မြို့နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်မှ တက္ကသီလဓမ္မာစရိယ၀ိဇ္ဇာဘွဲ့နှင့် ၂၀၀၀ ပြည့်နှစ်တွင် သီရိလင်္ကာနိုင်ငံ၊ ကေလဏီယျတက္ကသိုလ်မှ မဟာဘွဲ့ရရှိခဲ့ပြီး မူဆယ်မြို့
လွယ်တိန်ခမ်းကျောင်းတိုက်၌ သီတင်းသုံးနေထိုင်ကာ တောင်တန်းနှင့်နယ်လှည့်သာသနာပြုလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။

 

Author : အောင်ရှင်
Source : .Myanmar.Mmtimes


blog comments powered by Disqus