လွန်ခဲ့တဲ့သုံးလလောက်က MRTV-4ညပိုင်းအစီအစဉ်ကနေရွှေပြည်နန်း ကလေးသရုပ်ဆောင်ပြိုင်ပွဲကို အပတ်စဉ် စနေနေ့တိုင်းထုတ်လွှင့်ပြီး ပရိသတ် အကြိုက်တွေ့ခဲ့တယ်ဟုတ် ..။အဲဒီရွှေပြည်နန်းရဲ့ ကလေးသရုပ်ဆောင်ရွေးပွဲကြီးအတွက် ရရှိခဲ့တဲ့ လျှောက်လွှာပေါင်း ၁၄၈ စောင်ထဲက ၄၄ ဦးကို ရွေးချယ်ပြီး ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလမှာ ပထမအကြိမ် ပြိုင်ပွဲလုပ်ပြီး ပဏာမ ရွေးချယ်ခဲ့တဲ့ ၂၅ဦးကို ထပ်ယှဉ်ပြိုင်စေရာက ကလေး ငယ်တွေရဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်တွေကို ရုပ်မြင်ကြည့်ပရိသတ်တွေ ခုထိ မြင်ယောင်နေဦးမှာပါ။

အဲဒီပြိုင်ပွဲကမှ ၁၅ ဦးကို ဆန်ခါတင်ထပ်မံရွေးချယ်ပြီး သီချင်းသရုပ် ဖော်တွေ၊ ဇာတ်ဝင်ခန်းတွေကို သရုပ်ဆောင်ခိုင်း ကာ အဲဒီထဲကမှ နှစ်သိမ့်ဆုငါးဦးကို ရွေးထုတ်ပြီး ကျန်တဲ့ပြိုင်ပွဲဝင် ၁၀ ဦးကို ထပ်မံ ယှဉ်ပြိုင်စေပါတယ်။အဲဒီနောက်ဆုံးအဆင့်ပြိုင်ပွဲကို ကိုးဦး လာရောက်ယှဉ်ပြိုင်ပြီး အထူးနှစ်သိမ့်ဆု လေးဦးထပ်မံရွေးကာ ကျန်တဲ့ပြိုင်ပွဲဝင် ငါးဦးကို ပထမဆုကျပ်ဆယ်သိန်း၊ ဒုတိယဆု ကျပ်နှစ်သိန်း၊ တတိယဆု ကျပ်တစ်သိန်းခွဲ၊ စတုတ္ထဆုကျပ်တစ်သိန်းနဲ့ ပဉ္စမဆု ကျပ်ငါးသောင်း ဆိုပြီး ဆုတွေ လျာထားပေမယ့် ဆုရှင်တွေရဲ့အမည် ကိုတော့ မကြေညာသေးဘဲ ပရိသတ်ရဲ့ ခန့်မှန်းအဖြေလွှာတွေကို လက်ခံခဲ့ပါ တယ်။ အဲဒါကတော့ အဖြေမှန်ပေးပို့ နိုင်သူ ၁၀ ဦးကို မဲနှိုက်ရွေးချယ်ပြီး ကျပ် တစ်သိန်းစီ ဆုချီးမြှင့်ဖို့ပါ။
အဲဒီထိပ်တန်းဆု ငါးဆုအတွက် လျာ ထားခံရတဲ့ ကလေးငယ်ငါးဦးကိုလည်း ရွှေပြည်နန်းသနပ်ခါးကြော်ငြာရိုက်ကူးပြီး အခု ရုပ်မြင် သံကြားမှာ ထုတ်လွှင့်နေ ပါပြီ။ လူတိုင်း ရင်ခုန်နေကြတဲ့ ကလေး ငယ်ငါးဦးရဲ့ နောက်ဆုံးအမှတ်ကြေညာ တဲ့ပွဲကိုတော့ မေလ ၈ ရက်နေ့က ဆီဒိုးနားဟိုတယ်မှာ ကျင်းပရင်း ကိုယ်တိုင်ဝင်ပြိုင်တဲ့ ကလေးတွေထက် မိဘတွေနဲ့ ပရိသတ်တွေက ပိုရင်ခုန် ခဲ့ရပါတယ်။
"သူတို့သရုပ်ဆောင်တာ တွေ့ရတော့ ၀မ်းသာတာထက်ကြည်နူးတယ်။ စလုပ် တုန်းက အဲဒီလောက် မရည်ရွယ်ထား ခဲ့ဘူး။ MRTV-4 က လွှင့်ပြတော့လည်း ရင်တထိတ်ထိတ်နဲ့ စိတ်ပူရတာပါ။ ကလေးတွေက အရမ်းငယ်တော့ တော် တော်ပင်ပန်းပါတယ်။ ဒါပေမယ့် ဒိုင် ယာလော့ခ်တွေကအစ သူတို့ကြိုးစားပြီးမှန်းထားတာထက်ကောင်းအောင်သရုပ်ဆောင်ခဲ့ကြပါတယ်။ အခု ကျွန်တော့ကားတွေမှာ လည်း ဒီကလေးတွေကို ခေါ်သုံးနေပါတယ်"လို့ ဒီအစီအစဉ် တစ်ခုလုံးကို တာဝန်ယူစီစဉ်ခဲ့တဲ့ ဒါရိုက်တာသိန်းဟန်(ဖီးနစ်)က ပြောပါ
တယ်။
ကလေးတွေရဲ့ မိဘတွေကတော့ ကလေးငယ်တွေရဲ့ ရမှတ်တွေ ကြေညာ နေချိန်မှာ သူတို့ကလေးတွေအတွက် စိတ်ပူမျှော်လင့်ခဲ့ကြ ရင်း တစ်ဖက်ကလည်း စင်ပေါ်တက်ဖျော်ဖြေဖို့အတွက် ကလေးတွေကို ၀တ်စုံတွေတစ်စုံပြီး တစ်စုံလဲပေးနေရင်း နှုတ်ကလည်း
"သမီးမဆိုးရဘူးနော်။ စကားပြောရင် လည်း လိမ္မာရမယ်နော်" လို့ တတွတ် တွတ်မှာလို့ အလုပ်ရှုပ်နေကြလေရဲ့။
နောက်ဆုံးမှာတော့ အသက်လေးနှစ်ခွဲသာရှိသေးတဲ့ အငယ်ဆုံးသမီးလေး ခိုင်စုသွေးကရမှတ်ပေါင်း ၁,၅၆၇ မှတ်နဲ့ ပဉ္စမဆု ကို ရရှိခဲ့ပြီး သလေးလုံးပိုင်ရှင် သမီးလေး သွန်းသုသုသာက ၁,၆၁၂ မှတ်နဲ့ စတုတ္ထဆု၊ သမီးငယ်လေး စနိုးကြည်ဖြူက ၁,၆၃၇ မှတ်နဲ့ တတိယဆု၊ ပွဲစဉ်တစ်လျှောက်လုံး ပရိသတ်သတိ ထား အားပေးခံရဆုံးဖြစ်တဲ့ သမီးလေး ပန်းမြတ်သဲခိုင်က ၁,၆၈၅ မှတ်နဲ့ ဒုတိယ ဆုရရှိခဲ့ပြီး ပရိသတ်ကို "တကယ်လို့ သမီး အရွေးခံရရင်လည်း အားပေးကြ ပါဦး"လို့ပြောရင်း အပိုအလိုမရှိ သရုပ်ဆောင်သွားခဲ့တဲ့ သမီးလေး ဇူးဇူးဟန်နီထွေးက ၁,၇၃၉ မှတ်နဲ့ ရွှေပြည်နန်းရဲ့ ကလေးသရုပ်ဆောင်ဆုကို ထိုက်ထိုက် တန်တန် ရရှိသွားပါတယ်။ ပရိသတ်က ရွေးချယ်ပေးခဲ့တဲ့ People Choice ဆုနဲ့ ချစ်စရာအကောင်းဆုံးဆုတွေကို တော့ ပန်းမြတ်သဲခိုင်နဲ့ ခိုင်စုသွေးတို့က ရရှိခဲ့ ပါတယ်။
"ပွဲစဉ်တစ်လျှောက်လုံး ကလေးငယ် တွေကို အစအဆုံးစိတ်ပင်ပန်း လူပင် ပန်းခံပြီး ပံ့ပိုးခဲ့ကြတာက သူတို့ရဲ့အမေ တွေပါ။ ကျွန်တော့ အမေကတော့ ကျွန်တော်ရွှေပြည်နန်းသနပ်ခါး စထုတ်ပြီး လေးရက်အကြာမှာ ကွယ်လွန်ခဲ့ပြီး ရွှေပြည်နန်းအခုလိုအောင်မြင်နေတာကို မသိလိုက်ပါဘူး။ ဒါပေမယ့် ကလေး ငယ်တွေရဲ့အမေတွေကတော့ သူတို့ ရင်သွေးတွေရဲ့ ထက်မြက်အောင်မြင်ပြီး အခုလိုဆုတွေရ တာကိုတွေ့မြင်ရတဲ့ အတွက် သူတို့ကို ပီတိဖြစ်ရင်း၊ အသိ အမှတ်ပြုရင်း ဒီနေ့အမေများနေ့မှာ ဆုချီးမြှင့်ချင်ပါတယ်"လို့ ရွှေပြည်နန်း ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးကျော်မင်းက ပြောပြီး အမေတွေအတွက်ပါ ဆုတွေ ပေးအပ်ခဲ့ပါတယ်။
"သမီးကို ဒီလောက်လုပ်နိုင်မယ်။ ဆု ရမယ်လို့ မမျှော်မှန်းထားခဲ့ပါဘူး။ သူက အပြင်မှာ အေးအေးပဲနေတတ်ပြီး အခု အဘိုးအဘွား တွေတိုက်တွန်းလို့ ၀င်ပြိုင် ရာက ဆုရခဲ့တာပါ။ ကြီးလာလို့ အနု ပညာလောကထဲ ၀င်ချင်တယ်ဆိုရင် တော့ ကျောင်းစာတွေအပြီးမှာ သမီးသဘောအတိုင်း ခွင့်ပြုမှာပါ"လို့ အသက်ငါးနှစ်သာရှိသေးတဲ့ သမီးလေး ဇူးဇူး ဟန်နီထွေးရဲ့မေမေ မနီလာအေးက သမီးငယ်ရဲ့ အောင်မြင်မှုအပေါ် ပီတိ ဖြစ်ဟန်နဲ့ ဆိုပါတယ်။
Author : ငြိမ်းအိအိထွေး
Source : .Myanmar.Mmtimes