Ta Mote Shwe Gu Gyi Pagoda

ပုဂံမြို့နှင့် မိုင် ၁၂၀ခန့်ကွာဝေးသောကျောက်ဆည်ဒေသတွင် ထူးခြား စွာ ပေါ်ထွက်ခဲ့ပြီး ပင်းယခေတ်၌ ထပ်မံငုံ၍တည်ထားခဲ့ကာ ရှားပါးပုဂံ ခေတ် လက်ရာများရှိသည့် တမုတ်ရှင်ပင် ရွှေဂူကြီးဘုရားကို ဘက်စုံ မွမ်းမံရန် ယခုအခါ အလှူ ငွေကျပ် သိန်း ၅၀၀ ခန့် ရရှိနေပြီး သံမဏိ အမာခံ ဖန်အုပ်ဆောင်းဖြင့်မိုးသွားမည်ဖြစ်သည်။


ရှားပါးသော ရှေးဟောင်းပန်းတော့လက်ရာများစုံလင်ပြီးပုဂံခေတ်အေဒီ ၁၁ ရာစုမှ ပင်းယခေတ်အေဒီ ၁၄ရာစုအတွင်းက အနုလက်ရာများရှိနေ သည့်တမုတ်ရွှေဂူကြီးဘုရားကို အနော်ရထာမင်းတည်ထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ လွန်ခဲ့သောနှစ်ပေါင်း ၁,၀၀၀ ခန့်က ပုံစံအတိုင်းဖူးတွေ့နိုင်ပြီ ဖြစ်သည်။

"၂၀၀၉ခုနှစ်အတွင်း ကဆုန်လထဲ မှာ တာဝန်ရှိသူတွေ၊ တမ္ပ၀တီဦးဝင်း မောင်လို ရှေးဟောင်းသုတေသနပညာရှင်တွေနဲ့တူးဖော်ကြတော့ ရွာသူ ရွာသားတွေ၊ ကျောင်းသူ ကျောင်းသား တွေ၊ စေတနာ့ဝန်ထမ်းတွေ နေ့စဉ်ရာနဲ့ ချီပြီး လာရောက် လုပ်အားပေးခဲ့ကြပါတယ်။ ဥပုသ်နေ့လိုမျိုးဆို ဦးရေ သောင်းနဲ့ချီပြီး လာကြတာပါ။ ဘာမှ တိုက်တွန်းတာလည်းမရှိဘဲ စားသောက်စရာတွေ၊ ငွေတွေလာ လှူကြတော့အဆင်ပြေပြေလုပ်နိုင်ကြပါတယ်။

"အခု ဘက်စုံမွမ်းမံရေးအတွက်လှူဒါန်းကြတဲ့အလှူငွေက ကျပ်သိန်း၅၀၀လောက်ရပါပြီ။အားလုံးပြီးစီးဖို့ဆိုရင်တော့ ကျပ်သိန်းထောင် ချီ ကုန်ကျမှာပါ။ ဘုရားရဲ့ ရှေးဟောင်း လက်ရာတွေ ရေရှည်တည်တံ့အောင် သံမဏိအမာခံအမိုးကိုင်းနဲ့ ဖန်အုပ်ဆောင်းနဲ့ မိုးသွားဖို့ စီစဉ်ထားပြီး မတည်လှူဒါန်းမယ့် အလှူရှင်လည်း ရှိနေပါတယ်"ဟု ဘုရားဂေါပကအဖွဲ့ဝင်များက ယခုလ ၁၁ ရက်နေ့က ပြောသည်။

ပုဂံမြို့ရှိ ဘုရားများတွင် ကနုတ်မပါ သော နံရံများရှိသော်လည်း အထက်ပါ ဂူဘုရားတွင် အနုစိတ် ကနုတ်ပန်းခက် များနှင့် အရုပ်မျိုး စုံပါရှိပြီး ဂူပြောက် အမျိုးအစားဖြစ်ကြောင်း သိရသည်။ ထို့ပြင် ငါးရာ့ငါးဆယ်ဇာတ်သရုပ်ဖော် အင်္ဂတေစာများပါရှိပြီး မြန်မာနိုင်ငံတွင် တစ်ဆူတည်းသော အင်္ဂတေစာပါရှိ သည့် ဂူဘုရားကြီးလည်းဖြစ်သည်။

ဘုရားသို့ ယခုအခါ ဘုရားဖူးများ တဖွဲဖွဲ လာရောက်နေသည်ကို တွေ့ရပြီး ဘုရားမှာ ကျောက်ဆည်မြို့ အနောက်ဘက် ခြောက်မိုင် အကွာ၊ တံတားဦး ကားလမ်းဘေးရှိ ညောင်ပင်စောက် ကျေးရွာ၏ တောင်ဘက် တစ်ဖာလုံ အကွာတွင် တည်ရှိသည်။

 

Author : ဖြိုးဝေကျော်နှင့် စည်သူလွင်
Source : Myanmar.Mmtimes


blog comments powered by Disqus