Thailand

ဘန်ကောက် - အမ်နွိုင်းပွန်းမန်နီဝမ်က ထိုင်းနိုင်ငံတွင် သူ အလွတ်စုံထောက် အဖြစ် လုပ်ကိုင်ခဲ့သော ၁၅ နှစ်တာ ကာလ အတွေ့ အကြုံများမှ ရရှိခဲ့သော အသိတရားတစ်ခုကို ပြောပြရာမှာ "သင်ယုံကြည်ရတဲ့ ယောက်ျားဆိုလို့ အသက်မရှိတဲ့ လူသေကောင်ပဲရှိပါ တယ်"ဟု ဆိုသည်။"ဒီလူတွေသာ အသက်ရှိနေဦးမယ်၊ အသက်ရှူနေဦးမယ်ဆိုရင် သင် သူတို့ကိုပါ ယုံလို့မရပါဘူး"ဟု သူက ဆိုသည်။


ဂျိမ်းစ်ဘွန်းပုံစံ သူလျှိုကင်မရာများ၊ အသံ ခိုးနားထောင်သောကိရိယာတို့ ဖြင့် အမ်နွိုင်းပွန်းသည် ဖောက်ပြန်သော အိမ်ထောင်သည်များထံမှ သက် သေခံ ပစ္စည်းများကို ဘန်ကောက်ရှိ ဥပဒေ အကျိုးဆောင်ကုမ္ပဏီတစ်ခုအတွက် ရှာဖွေပေးနေသူဖြစ်သည်။

အသက် ၄၂ နှစ်ရှိပြီဖြစ်သော သူ သည် သစ္စာမဲ့သော အိမ်ထောင်သည် များကို ခြေရာခံရာ၌ ကျွမ်းကျင်သူဖြစ် သည်။ သေးငယ်လှ သော ကင်မရာ၊ အသံသွင်းကိရိယာများကို ဖောင်တိန်၊ ကားသော့ချိတ်၊ ကြယ်သီးပေါက်၊ ဂဏန်းပေါင်းစက် စသည်တို့တွင်ထည့်သွင်း ကာ ဖောက်ပြန်သူများ ၀န်ခံရလောက်သော အခြေအနေများတွင် အမိဖမ်းပေးသူ လည်း ဖြစ်သည်။

သူ၏အလုပ်ကြောင့် သူသည် ထိုင်းနိုင်ငံတွင် အသေးစား နာမည်ကျော်တစ်ဦးဖြစ်လာသည်။ ထိုင်းနိုင်ငံတွင် မီယာနွိုင်းဟု ထိုင်း ဘာသာဖြင့် ခေါ်ဆို သော မယားငယ်များ ထားရှိခြင်းကို တချို့က လုပ်ပိုင်ခွင့်တစ်ခုအဖြစ်ပင် ရှုမြင်ကြသည်။ သူ၏အဆိုအရ ထိုင်း
နိုင်ငံတွင် တရားဝင် လက်ထက်ထားသူအပြင် မယားငယ်များထားခြင်းမှာ ပို၍တိုးပွားလာနေကြောင်း ပြောပြသည်။

"ဒီကိစ္စမျိုးတွေ ထိုင်းနိုင်ငံမှာ ပိုပိုတိုးလာနေပါတယ်။ အခုဆို သူတို့ဟာ မယားငယ်ကို တစ်ယောက်တည်းသာ မက နှစ်ယောက် သုံး ယောက်အထိ ထားလာနေကြပါတယ်။ ဒါဟာ ဖက်ရှင်တစ်ခုလို၊ ပုံမှန်ကိစ္စလို ဖြစ်နေပါပြီ။ ထို့ကြောင့်လည်း သူ့လုပ်ငန်းသည် မကြုံ
စဖူး အောင်မြင်လာသည်။

တစ်နေ့တစ်နေ့ကို သူ့ထံ ဖောက်သည်သုံးလေးဦး ပုံမှန်လာကြောင်း၊ အများစုမှာ အသက် ၂၀ မှ ၆၀ ကြား အမျိုးသမီးများဖြစ်ကြောင်း သူက ဆိုသည်။

"အထူးသဖြင့် အစိုးရအရာရှိကြီးတွေ ဟာ မယားငယ်တွေ ထားလေ့ရှိပါတယ်။ သူတို့ဟာ သူတို့ရဲ့ ရာထူးပါဝါ ကို အခွင့်ကောင်းယူကာ မယားငယ် ထားကြတာဟာ ထိုင်းနိုင်ငံမှာ အစဉ် အလာတစ်ခုလို ဖြစ်နေပါတယ်။

"သူတို့မှာ ရာထူးရှိတယ်၊ အာဏာရှိ တယ်၊ ငွေရှိတယ်။ ဒီတော့ မယားအပို တစ်ယောက်ကို ထောက်ပံ့ရတာ သူတို့ အတွက် မခက်ခဲ ပါဘူး"ဟု ရာမာသီဘို ဒီ ဆေးရုံမှ စိတ်ပညာပါမောက္ခ ရိုနာ ချိုင်းကွန်ဆာကပြောသည်။

၎င်းပြုလုပ်သော သုတေသနအရ အစိုးရအရာထမ်းများ မယားငယ်ထား ကြခြင်းမှာ အခွင့်အလမ်း ပေါများမှု၊ အမျိုးသမီးများနှင့် ရင်းနှီးစွာ နေထိုင်မှု၊ သနား စာနာတတ်မှုတို့ကြောင့်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံတွင် အိမ်ထောင်ရေး ဖောက်ပြန်သူများမှာ အမျိုးသားများ ချည်းမဟုတ်ပေ။ 'အမ်နွိုင်းပွန်း'၏ ခန့်မှန်းချက်အရ သူ့ထံလာ သော ဖောက်သည် ၁၀ ဦးတွင် သုံးဦးမှာ အမျိုးသားများဖြစ်ပြီး သူတို့၏ဇနီးများ ဖောက်ပြန်သည်ကို စုံစမ်းခိုင်းရန် လာကြခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းလူ့အဖွဲ့အစည်းတွင် အိမ်ထောင်ရေး ဖောက်ပြန်မှုများမှာ ပေါများလှ သည်။ ပင်နာသည် သူ့ရဲ့ယောက်ျား နှင့် အတူနေထိုင် လာခဲ့သည်မှာ ခုနစ်နှစ်ခန့်ရှိပါပြီ။ ယင်းသို့ ခုနစ်နှစ်ကြာသည့်အခါမှ သူ့ယောက်ျားသည် အမျိုးသမီး တစ်ဦးနှင့် တိတ်တိတ်ပုန်း တွဲနေကြောင်း သိလာခဲ့ရပါသည်။

သူသည် သံသယရှိသော အမျိုးသမီးအား ခြေရာခံရှာဖွေကာ ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ ထိုအခါမှ အံ့အားသင့်စရာ ပိုမိုဆိုးရွားသည့် အဖြစ်အပျက်ကို သိရှိခဲ့ရသည်။ သူ၏ပြိုင်ဘက်အမျိုးသမီးက သူ၏ယောက်ျားနှင့် တရားဝင်လက်ထပ် ထိမ်းမြားထားသော အထောက်အထားများကို ပြသလိုက်လေရာ သူမကသာ မယားငယ်ဖြစ်နေကြောင်း တွေ့ရှိခဲ့ရပါတော့သည်။

"ကျွန်မဟာ ဒီလိုမယားငယ်ဖြစ်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိပါဘူး။ ကျွန်မဟာ ကျွန်မ ကိုယ်ကျင့်တရားအရပိုမိုအဆင့်အတန်း မြင့်မားသူလို့ ယူဆခဲ့သူပါ။ အခုတော့ ဒီလို မဟုတ်တော့ပါဘူး"ဟု သူကပြောကြားခဲ့သည်။

သူသည် သူ၏အမည်ရင်းကို ကွယ်ဝှက်ပေးထားရန် တောင်းဆိုခဲ့သည်။သူ့အနေနှင့် သူ့ယောက်ျား၏ ဖောက်ပြန်မှုကို စုံစမ်းရန် စုံထောက်မလိုခဲ့သော်လည်း တချို့မှာ ထိုသို့အမှန် တရားကို ရှာဖွေရန် စုံထောက်ငှားကြ ပါသည်။ "ကျွန်မလိုလူတွေ မရှိရင် ဒီလူတွေ၊ အချိန်အကြာကြီး ဒုက္ခခံစားနေကြရမှာပါ။ ကျွန်မနဲ့ ကျွန်မရဲ့အလုပ်က သူတို့ ကို မျက်စိဖွင့်ပေးနေတာပါ"ဟု သူကဆိုသည်။

သူ၏ အလုပ်ကြောင့် သူဟာ ထိုင်းနိုင်ငံမှာ လူသိများလာခဲ့သည်။ သူ၏ လှပသော ရုပ်ရည်၊ သွက်လက်ချက်ချာသော အပြောအဆို တို့ကြောင့် ရုပ်မြင်သံကြားနှင့် သတင်းစာဂျာနယ်တို့တွင်မကြာခဏ တွေ့မြင်ခဲ့ကြရသည်။

သူသည် "The Private Eye: They ask me to investigate adultery" ဟူသော သူကိုယ်တိုင် ရေးသားသည့် စာအုပ်တစ်အုပ် ထွက်ဖူးပါသည်။ ထိုစာအုပ်မှာ အမျိုးသမီး ပုဂ္ဂလိကစုံထောက်အဖြစ် လုပ်ကိုင်ခဲ့သော အတွေ့အကြုံများကို ရေးသားထားပါသည်။

ဤစာအုပ်တွင် ဖြစ်ရပ်မှန်များနှင့် သူအလုပ်လုပ်ဆောင်ပုံတွေကို အသေး စိတ် ရေးသားထားသည်။ ဥပမာတစ်ခု တွင် ချမ်းသာသော အမျိုးသားတစ်ဦး က သူ၏ဇနီး အိမ်ထောင်ရေးဖောက်ပြန် နေသည်ဟု ထင်မြင်ကာ သူ့ကို စုံစမ်းပေးရန် ငှားခဲ့သည်။

သူသည် သူ၏ဇနီးအား သူအလုပ် ကိစ္စဖြင့် ခရီးထွက်ရန်ရှိသည်ဟု ဟန် ဆောင်ကာ စောင့်ကြည့်ခဲ့သည်။ သူအလုပ်ကိစ္စဖြင့် ခရီးထွက် သွားပြီဟု ယုံကြည်ကာ သူ၏ဇနီးသည် သူ၏လင်ငယ်နှင့် ဟိုတယ်သို့ ထွက်သွားရာစုံထောက်အမ်နွိုင်းပွန်းနှင့် တရားဝင် ယောက်ျားတို့ က ခြေရာခံလိုက်ခဲ့သည်။

တရားဝင်ယောက်ျားက သူတို့ တည်းခိုသော အခန်းကို ရိုက်ချိုးဝင်ကာသူ့ဇနီးနှင့် ဖောက်ပြန်နေသည့် အမျိုး သားကို ထိပ်တိုက်ရင် ဆိုင် တွေ့ဆုံခဲ့ သည်။ ထိုအမျိုးသားက သူတစ်ဦးတည်းရှိနေဟန် ပြောကြားသော်လည်း အနီး တစ်ဝိုက် အခန်းများကိုရှာဖွေရာ သူ၏ ဇနီးမှာ လသာဆောင်တံခါးနောက်တွင်ပုန်းကွယ်နေသည်ကို တွေ့ခဲ့ရသည်ဟု အမ်နွိုင်းပွန်းက ပြောပြသည်။

သူသည် သူ၏လုပ်ငန်းအရ အိမ်ထောင်ရေး ဖောက်ပြန်သူများနှင့် အမြဲတမ်း ထိတွေ့နေရသဖြင့် သူကိုယ်တိုင်အိမ်ထောင်ပြုရန်ပင် ထိတ်လန့်မိကြောင်း ပြောသည်။

 

Author : ဖြိုးဝင်းကိုကို ဘာသာပြန်သည်။
Source : .Myanmar.Mmtimes


blog comments powered by Disqus