Thar Soe

အဆိုတော် သားစိုးတစ်ယောက် အိမ်မှာနေရင်းထိုင်ရင်း ကုမ္ပဏီရှေ့မှာ ရပ်ထားတဲ့ကားကို (၂၃၊၄၊၂ဝ၁၁)ရက်က ပါရမီ(၂၃၂) အထူးကားက ကားပြိုင်ရင်း အရှိန်လွန်ဝင်တိုက်(သမ)သွားတယ်ဆိုတဲ့ သတင်းကိုကြားသိရတဲ့အတွက် အဆိုတော်သားစိုးအား မေးမြန်းခဲ့ရာ- ''ကျွန်တော်က ကျွန်တော့်ရဲ့ဂျစ်ကား (၈ခ/၈၉၉၈)ကို လမ်းမတော်မြို့နယ်၊ လှည်းတန်း လမ်းထိပ်နဲ့ (၁၁)လမ်းကြားမှာရှိတဲ့ ကျွန်တော့်ရဲ့ ကုမ္ပဏီရှေ့မှာ ရပ်ထားတာကို ၂၃၂(ပါရမီ)ကား၊ နံပါတ် ၂(ဂ)၈၇၅၁က ဝင်တိုက်သွားတယ်။


ပြီးတော့ ယာဉ်မှုစစ်တွေ ရောက်လာပြီး ညှိမယ်လို့ ပြောတဲ့အခါ ကျွန်တော်က ကျွန်တော့်ရဲ့ကား နဂို အကောင်းအတိုင်းလေးပဲ ဖြစ်အောင် ပြင်ပေးရင် ကျေနပ်ပါတယ်၊ အလျော်မလိုချင်ဘူးလို့ ပြောတာကို ပါရမီယာဉ်လိုင်းက တာဝန်ရှိတဲ့ ကြီးကြပ်ရေးမှူး တစ်ယောက်က ကျွန်တော့်ကားကို သူ့တို့ဝပ်ရှော့မှာ ပြင်ပေးမယ်၊ ကျန်တဲ့နေရာမှာ လုံးဝ မပြင်ပေးနိုင်ဘူး။ ဒရိုင်ဘာကို ဖမ်းထည့်ချင်ဖမ်းထည့်လို့ပြောတယ်။ ကျွန်တော်တို့ကလည်း ကိုယ်စိတ်ကြိုက် ဝပ်ရှော့မှာ ပြင်ချင်တယ်။ ကျွန်တော်က ကျွန်တော့်ကားလေး ကောင်းရင်တော်ပြီ၊ လျော်ကြေးလည်း တောင်းတာလည်း မဟုတ်ဘူး။ ဒါကို အညှိမခံဘူး။ ကျွန်တော့်ကားက အတိုက်လည်း ခံရသေးတယ်။ သူတို့စိတ်တိုင်းကျ လုပ်ရမယ်ဖြစ်နေတယ်။ ကျွန်တော်က အမှုမဖြစ်ချင်လို့ ဒရိုင်ဘာလေးကို ဘယ်လိုလုပ်ကြမလဲလို့ မေးတော့ ဒရိုင်ဘာလေးဘက်က ညှိပေးမယ်။ ဒါပေမဲ့ သူ့ဘက်က အများကြီး မတတ်နိုင်တဲ့အတွက် ပါရမီကိုခွင့်တောင်းတာ ဟိုဘက်က လုံးဝမကူညီနိုင်ဘူးလို့ ပြောတဲ့အတွက် အမှုမဖွင့်ချင်ဘဲနဲ့ (၂၃၊၄၊၂ဝ၁၁)ရက်၊ ညနေ (၄)နာရီခွဲက လမ်းမတော်မြို့နယ် ရဲစခန်းမှာ (ပ)၇၄/၁၁၊ပုဒ်မ(၂၇၉)နဲ့ အမှုဖွင့်ခဲ့တယ်။ ကားကိုတော့ ကိုယ်ဘာသာကိုယ် ပြင်ရမယ့် သဘောမှာရှိတယ်။ ရတာမှ (၁ဝဝဝ၊၂ဝဝဝ) အခုလိုမျိုးဖြစ်တော့ ကျွန်တော်လည်း ဒရိုင်ဘာလေးအတွက် စိတ်မကောင်းဘူး။ ဒါကတော့ ကိုယ့်ပြစ်ဒဏ်ကိုယ်ခံရမှာပေါ့။ လူအများရဲ့အသက်က လိုင်းကားမောင်းတဲ့လူရဲ့ လက်ထဲမှာပဲ ရှိတယ်။ ကားကဖြစ်သွားတာလည်း တော်တော်များတယ်။ မျက်မြင်တွေပြောတာကတော့ ကားပြိုင်မောင်းလာတာလို့ ပြောတယ်။ ကျွန်တော့်ကားကို ဝင်တိုက်တာ ကားက ပေ(၅ဝ)လောက် ရွေ့သွားတယ်။ လမ်းအချက်ပြတဲ့သံတိုင်လည်း ပြတ်ထွက်သွားတယ်။ ဘေးကသစ်ပင်ကိုလည်း ဝင်တိုက်သွားတယ်။ အရင်က အဲ့ဒီနေရာမှာ ခိုစာရောင်းတဲ့ ကလေးရှိတယ်၊ ဖုန်း PCO ထိုင်တဲ့ကောင်မလေးရှိတယ်၊ ပြီးတော့ ဆိုက်ကား (၃၊၄)စီး အနည်းဆုံးရှိတယ်။ ကားတိုက်တဲ့အချိန်က မနက်(၇)နာရီခွဲဆိုတော့ သူတို့တွေမရှိတာ အရမ်းကံကောင်းတယ်။ နို့မို့ဆို အကုန်ပွဲချင်းပြီးမှာ။ လိုင်းကားတွေက မောင်းတာ အရမ်းကြမ်းတယ်။ အရင်ကျွန်တော့်ကားနဲ့လည်း တိုက်မလိုလို ခဏခဏဖြစ်တယ်။ ကျွန်တော်တာမွေဘက်က လာရင်ခဏခဏကြုံတယ်။ ကျွန်တော်တစ်ယောက်တည်းမှ မဟုတ်ဘူး၊ လူတော်တော်များများလည်း ဒီလိုကြုံရတယ်''ဟု သူမြတ်နိုးတဲ့ကားလေး သမခံလိုက်ရတဲ့ ကိုသားစိုးက ခုလိုပြောကြားခဲ့ပါတယ်။

 

Author : ကေတူးအိတ်ခ်ျ
Source : Snapshot-News


blog comments powered by Disqus